ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၊ အခြေစိုက် အမှတ် ၂၄၁ စစ်ကောင်စီတပ်ရင်းကနေ ဇွန် ၁၇ ရက်နေ့ နေလယ်ပိုင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကာလိုင်ကျေးရွာရှိ ဇွပ်အောင်စစ်ဘေးရှောင်စခန်းမှာ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးထိမှန်သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကာလိုင်ဘက်မှာ စစ်တပ်နဲ့ တိုင်းရင်းသားတပ် ထိတွေ့မှုဖြစ်လို့ ကွတ်ခိုင်စစ်တပ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ စစ်ရှောင်စခန်းထဲကျပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရသေဆုံးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေါ် လုပ်ဆိန့်ယော်လွမ် (အသက် ၅၂ နှစ်)၊ ဒေါ် ဖော်ဂွန်နောန်လိုင် (အသက် ၅၆ နှစ်) နဲ့ ဒေါ် ဇွမ်ဇန် ဒေါင်နော (အသက် ၂၈ နှစ်) တို့ သေဆုံးသွားပြီး အသက် ၈၀ အရွယ် ဦးဒွမ်ဖောင့်လအောင် ကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲဖြစ်ပွားတိုင်း ကွတ်ခိုင်မြို့ပေါ် အခြေစိုက်တပ်ရင်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ကွတ်ခိုင်မှာတိုက်ပွဲဖြစ်တိုင်း ကွတ်ခိုင်တပ်ကနေ လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်တဲ့ဘက်ကို ရမ်းထုတော့တာပဲ။ သူတို့အဲ့လိုလုပ်တာ ဆယ်စုနှစ် တစုကျော်ခဲ့ပြီ" လို့ မြို့ခံတဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်စပ်မြို့နယ်တွေဖြစ်တဲ့ မန်စီ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္ဒီ၊ နမ္မတူမြို့နယ်တွေအပါအဝင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ) တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။
ဒါအပြင့် စစ်ကောင်စီတပ်နဲ့ MNDAA (ကိုးကန့်တပ်)၊ TNLA (တအာင်းတပ်)၊ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့နဲ့လည်း မကြာ ခဏတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
တိုက်ပွဲတွေကြောင့် ကာလိုင်ဇွပ်အောင်စစ်ဘေးရှောင်စခန်းအပါ နှစ်ရှည်စစ်ဘေးရှောင်စခန်း ဆယ်နဲ့ချီရှိနေပြီး သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။