ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို စစ်ကောင်စီက ဇွန် ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှာ ဦးဆောင်ခဲ့တယ်ဆိုပြီး ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို ပုဒ်မ ၅၀၅(က) အပြင် ပြည်သူ့ဝန်ထမ်းကို တားဆီးဟန့်တားတယ်ဆိုတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၃၂ နဲ့ပါ တရားစွဲပြီး ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
“သူတယောက်တည်းတော့ မဟုတ်ဘူး။ အဲ့နေ့ကအမိန့်ချတာ အားလုံး ၆ ယောက်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုဝင်းထွန်းနိုင်လည်းပါတယ်။ နောက်ထပ် လူငယ် ၄ ယောက်လည်း ပါတယ်။ ကျန်တဲ့သူတွေကိုတော့ ၂ နှစ်စီချတယ်။ ကိုဝင်းထွန်းနိုင်ကိုလည်း နောက်ထပ် ၅ နှစ်ချတယ်။”
ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို ထောင်ချတဲ့နေ့မှာပဲ ပုသိမ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းသူ၊ ကိုထွဋ်ခေါင်ဝင်း၊ ကိုကောင်းသန့်နဲ့ မစိုးစန္ဒာတို့ကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့ပြင် တနေ့တည်းမှာ ထပ်တိုးအမိန့်ချမှတ်ခံရတဲ့ ကိုဝင်းထွန်းနိုင်ကတော့ ဖမ်းဆီးခံရပြီးနောက်ပိုင်း ဇွန်လ ၇ ရက်နေ့က ပထမအကြိမ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပြီး နောက်ထပ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။