ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာမှာ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက မိုင်းပေါက်ကွဲတာကြောင့် လယ်ထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ သာစည်ကုန်းကျေးရွာ ဆရာတော်ကမိန့်ပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ နှစ်ဦးမှာ အသက်၅၀ အရွယ် ဦးအေးစိန်ထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်အေးနုစိန်တို့ဖြစ်ကြပါတယ်။
ရွာရဲ့ အနောက်မှာ ၁ ကီလိုမီတာလောက်က လယ်ထဲမှာ လယ်လုပ်နေကြစဉ့်မှာ မိုင်းပေါက်ကွဲပြီး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သာစည်ကုန်းကျေးရွာ ဆရာတော်က မိန့်ပါတယ်။
"သူတို့ လင်မယားနှစ်ယောက်က ရွာရဲ့အနောက်ဘက် ၁ကီလိုမီတာလောက်အကွာက လယ်ထဲမှာ လယ်လုပ်နေကြတာ။ အဲဒီမှာ ဒီနေ့မနက် ၉နာရီခွဲလောက်မှာ မိုင်းပေါက်ကွဲတာဖြစ်တယ်။ အဲဒီနေရာက တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာလည်းမဟုတ်ဘူး။ ၂၀၂၀ ခုနှစ်ကတော့ ရွာအနီးက တောင်တန်းတွေမှာ ဖြစ်ခဲ့တာတွေရှိတယ်။ ဒဏ်ရာတွေကတော့ သိပ်မစိုးရိမ်ရဘူး။ လက်တွေနဲ့ မျက်လုံးအနားတွေမှာတော့ ဒဏ်ရာရသွား။ သူတို့ကို စစ်တွေဆေးရုံကို ဆေးကုသဖို့ ပို့ဆောင်ထားတယ်။”
အဲဒီ သာစည်ကုန်း ကျေးရွာအနီးမှာ ၂၀၂၀ ပြည့်နှစ်က စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော်တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ကျေးရွာသားတွေကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁ ဦးနဲ့ ဒဏ်ရာရရှိသူ ၃ ဦးအထိရှိလာပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၃ နှစ်ကျော်အတွင် မြေမြှုပ်မိုင်းအပါဝင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၇ ဦးနဲ့ ဒဏ်ရာရှိသူ ၁၀၀ ကျော်အထိရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။