စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက မီတာဖတ်တာနဲ့ လျှပ်စစ်မီတာမဆောင်တဲ့ နေအိမ်တွေကို မီတာပုံးလိုက်လံဖြုတ်သိမ်းနေတဲ့ လျှပ်စစ်ဝန်ထမ်း ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီတာပုံးဖြုတ်ဖို့ လာရောက်တဲ့ မုံရွာမြို့နယ် လျှပ်စစ်ဝန်ထမ်း ၃ ဦးကို စက်မှုဇုန်ရပ်ကွက်၊ ဇီဇဝါလမ်းမှာ အမည်မသိလူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်ပြီး ၂ ဦးဒဏ်ရာရကာ ကျန်ဝန်ထမ်း၁ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မျက်မြင် မြို့ခံတဦးက ပြောပါတယ်။
“မီတာခဖတ်တာနဲ့ မီတာမဆောင်တဲ့ အိမ်တွေကို မီတာပုံးလိုက်ဖြုတ်တာတွေ လုပ်နေတာ။ မြို့ခံပြည်သူတွေက စစ်ကောင်စီသက်ဆိုးရှည်စေမယ့် အခွန်ခမို့ ဘယ်သူမှ ဆောင်ချင်တာ မဟုတ်ဘူး။ မီတာမဆောင်တဲ့ အိမ်တွေကို မီတာပုံးလိုက်ဖြုတ်တယ်။ တချို့ရပ်ကွက်တွေဆိုရင် မီတာခစာရွက်လိုက်ဝေတာ ဘေးက စစ်ကောင်စီတပ်တွေက လက်နက်ကိုင်ပြီး အရပ်ဝတ်တွေနဲ့ လိုက်လာတာရှိတယ်။ အခု အပစ်ခံရတာက စစ်ကောင်စီတပ်တော့ ဘေးကလိုက်ပါလာတာတော့ မတွေ့ရဘူး။ ၂ ယောက်ဒဏ်ရာရပြီး ကျန် ၁ ယောက်က အူယားဖားယားထွက်ပြေးတယ်။”
သေနတ်နဲ့ ပစ်ခတ်ခံရတာဟာ မုံရွာမြို့နယ်လျှပ်စစ်ရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး နိုင်ဆန်းလင်းနဲ့ ဒုလက်ထောက်ကြီးကြပ်ရေးမှူး နေဝင်းထွန်းတို့ ဖြစ်ကြပြီး ကျန်ဝန်ထမ်းတဦးဖြစ်တဲ့ ထွန်းရည်ကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
လက်ထောက်ကြီးကြပ်ရေးမှူး နိုင်ဆန်းလင်းကတော့ လက်မောင်းကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒုလက်ထောက်ကြီးကြပ်ရေးမှူး နေဝင်းထွန်းကတော့ ခါးကို ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မုံရွာမြို့မှာ မီတာခ ၄ လစာ ပေါင်းဆောင်ဖို့ အခု ဇွန်လဆန်းပိုင်းကစပြီး မြို့နယ်လျှပ်စစ်ရုံးက မီတာခစာရွက်တွေ လိုက်လံဝေငှနေတာလည်း ရှိပါတယ်။
မုံရွာမြို့ခံအများစုကတော့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီ ကောက်ခံတဲ့ အခွန်ခကို မပေးဆောင်ရေး သပိတ်မှောက်ခဲ့ကြပါတယ်။