မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ လာရောက်တပ်စွဲထားတယ်လို့ ကျိုက်ထီးရိုးဒေသခံတွေနဲ့ တော်လှန်အင်အားစုတွေက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကျိုက်ထီးရိုးတောင်ရှိ ကျီးကန်းပါးစပ်၊ မုဆိုးတောင်နဲ့ လေယာဉ်ကွင်းနေရာတွေမှာ ဇွန် ၁၃ ရက်ကစပြီး လာရောက်တပ်စွဲ နေထိုင်နေတာ ဖြစ်ပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ်က ဘာကြောင့် လာရောက်တပ်စွဲထားလဲဆိုတဲ့ အခြေအနေကို မသိပေမဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ကျိုက်ထီးရိုးတောင်ပေါ်မှာ လာရောက်တပ်စွဲပြီးနောက် ဇွန် ၁၄ ရက်က ကျိုက်ထီးရိုး တောင်တက်လမ်းပေါ်ရှိ ရသေ့တောင်ရဲကင်းစခန်း တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီရဲကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲတဦး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက ပြောပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်မှာတော့ စစ်ကောင်စီတပ်က မကြာခဏ လာရောက်တပ်စွဲ နေထိုင်လေ့ရှိပြီး အခုအခါမှာတော့ တပ်အင်အား ၁၀၀ လောက်ထိ အသုံးပြုလာတာ ဖြစ်ပါတယ်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီဟာ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူး သန်းနဲ့ချီ လာရောက်ဖူးမြော်နေတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဘုရားဖူးဝင်ရောက်မှု သိသိသာသာ ကျဆင်းနေပါတယ်။