မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ဦးအေးမင်းထွန်းရဲ့ မိသားစုဝင် ၃ ယောက်ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာမှာ နေထိုင်နေတဲ့ ဦးအေးမင်းထွန်းရဲ့ မိသားစုဝင် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဇွန် ၁၄ ရက် မနက် ၁၁ နာရီလောက်မှာ လာရောက် ဖမ်းဆီးသွားတာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဦးအေးမင်းထွန်းရဲ့ မိခင်ဖြစ်သူ ဒေါ်နော်ဆပ်တဖူး (ခ) ဒေါ်တင်ရွှေ၊ ညီဖြစ်သူ ကိုကျော်စိုးအေးနဲ့ ညီမဖြစ်သူ မခိုင်ခိုင်အေးတို့ကို ဖမ်းဆီးသွားတာဖြစ်ပြီး ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးပါဘူး။
“ကျနော်တို့ဘက်က စကစကို တော်လှန်ဖို့ပဲ ဆုံးဖြတ်ပေမဲ့ စကစရဲ့ မိသားစုတွေကို ထိခိုက်မှုတွေမလုပ်ဖို့ သစ္စာပြုထားပါတယ်။ အခု သူတို့ဘက်က ကျနော့်မိသားစုကို ထိလာပြီပေါ့။ အပြစ်မရှိတဲ့ မေမေရယ်၊ ကျနော့်ညီရယ်၊ ကျနော့်ညီမရယ်ကို သူတို့အနေနဲ့ ဘာဆက်လုပ်ကြမလဲဆိုတာ စောင့်ကြည့်မယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတာ သူတို့ကို သိစေချင်ပါတယ်” လို့ ဦးအေးမင်းထွန်းက ပြောပါတယ်။
မွန်ပြည်နယ် မှုခင်းနှိမ်နင်းရေးဌာနမှာ ရဲတပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအေးမင်းထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး CDM လုပ်ဆောင်မှုမှာ ပါဝင်ခဲ့ပြီးနောက် စစ်အာဏာရှင် တော်လှန်ရေးမှာ KNLA/KNU တပ်မဟာ (၁) PDF တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။
ဦးအေးမင်းထွန်းဟာ NLD အစိုးရလက်ထက်တုန်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ PSO တဦးလည်း ဖြစ်သလို ဝန်ကြီးချုပ်ကို အနီးကပ် လုံခြုံရေးယူပေးခဲ့တာပါ။
ရဲတပ်ဖွဲ့မှာ ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအေးမင်းထွန်းဟာ ရဲတပ်ဖွဲ့အတွင်း ဒုစရိုက်နှိမ်နင်းရေးမှာ တရားခံတွေကို ရှာဖွေဖမ်းဆီးရာမှာ နာမည်ကောင်းရသူတဦးလည်း ဖြစ်ပါတယ်။