မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ CDM ကျောင်းအုပ်ကြီးတဦး၊ သူနာပြုတဦးနဲ့ ကိုယ်ဝန်ဆောင် ကျောင်းဆရာမတဦးအပါအဝင် ၅ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ရေစကြိုပြောက်ကျား N-YSO အဖွဲ့က နေသိရပါတယ်။
ရေစကြိုဒေသခံ ကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ N-YSO ပြောက်ကျားတပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ ထောက်ပို့ရဲဘော် မသဲအိအိဝင်းနဲ့ ရဲဘော်ဝူခုန်းတို့ကို စစ်ကောင်စီက ဇွန် ၁၀ ရက်မှာ စခန်းကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခဲ့တာပါ။
ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေဟာ ကိုယ်ဝန် ၅ လ လွယ်ထားသူဖြစ်ပြီး အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်ကတော့ ရဲဘော်တွေကို အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်ကူညီပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို စစ်ကောင်စီက ဖမ်းဆီး အရှင်လတ်လတ်မီးရှို့ခဲ့ပြီး အလောင်းတွေကိုတော့ ဇွန် ၁၄ ရက်မှာ တပ်ဖွဲ့က အခမ်းအနားနဲ့ မီးသင်္ဂြိုဟ်ခဲ့ကာ အမိန့်ပြန်တမ်းထုတ်ခဲ့ပါတယ်။
ဇွန် ၁၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော်ဝူခုန်းဟာ သူမကျဆုံးခင် စစ်ကောင်စီတပ်တွေကို မိုင်းခွဲနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီတပ်က အရာခံဗိုလ်တယောက်အပါအဝင် ၁၃ ယောက် သေဆုံးပြီး အလောင်းတွေကိုတော့ စစ်ကြောင်းအပြန်မှာ ဝင်ကောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အင်အားများတာကြောင့် ပြောက်ကျားတပ်ဖွဲ့နောက်ဆုတ်ပေးခဲ့ပေမယ့် စစ်တပ်က ပြည်သူတွေကို လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသလို ပြောက်ကျားတပ်ဖွဲ့ဝင် ၅ ယောက်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဝက္ကတောရွာ၊ သစ်ကြီးတောရွာဘက်ကို ဆက်သွားခဲ့ပြီး ပြည်သူတွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကာ အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂ ယောက် ထပ်သေခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။