စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာရှိ အိမ်ခြေ ၁၀၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဇွန် ၁၄ ရက် မနက်ပိုင်းက မီးရှို့ဖျက်ဆီးသွားပြီး ကျေးရွာပြည်သူ ၆ ဦးရဲ့ အလောင်းကိုလည်း တွေ့ရှိထားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ တောကျောင်းလေးကျေးရွာကို ဇွန် ၁၂ ရက်က ဝင်ရောက်လာပြီး နှစ်ညအိပ်တပ်စွဲထားကာ ပြည်သူတွေနေအိမ်ရှိ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် ပြန်အထွက်မှာ ကျေးရွာကို မီးရှို့သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ရွာထဲဝင်လာကတည်းက သေနတ်တွေဖောက်ပြီး ပစ်ဝင်လာတာ။ ရွာမှာရှိတဲ့ ပြည်သူတွေ အကုန်ပြေးရတယ်။ ကျန်ခဲ့တဲ့ ကျေးရွာပြည်သူတချို့ကိုလည်း ဖမ်းဆီးနှိပ်စက်တာတွေ ရှိတယ်။ ရွာမှာ စိတ်ကြိုက်မွှေပြီး ပြည်သူပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်း အကုန်သယ်တာ။ သူတို့ ပြန်ထွက်သွားပြီး ကျေးရွာက ပြည်သူ ၆ ဦးရဲ့ အလောင်းကို တွေ့ထားတယ်။ ကျေးရွာပြည်သူတချို့လည်း ပျောက်ဆုံးနေတယ်” လို့ ကျေးရွာဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီတွေ့ရှိရတဲ့ အလောင်း ၆ လောင်းထဲက အလောင်း ၅ လောင်းဟာ မီးရှို့အသတ်ခံထားရတဲ့ အလောင်းတွေဖြစ်ပြီး ကျေးရွာဘုရားထဲက စိတ်ကျန်းမာရေးမကောင်းသူ ကိုအောင်ပိုင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း တောကျောင်းလေးကျေးရွာရှိ နေအိမ်တချို့ကို ပျူစောထီး ပူးပေါင်းအဖွဲ့တွေက လာရောက်မီးရှို့ ဖျက်ဆီးသွားခဲ့သေးတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာပေါင်း ၁၁ ရွာရှိပြီဖြစ်ပြီး ယာကြီးတော၊ ဝယာ၊ ဆီပန်းကန်၊ အင်းမ၊ ရွှေလှေ၊ တပယ်အင်း၊ ကုန်းသာ၊ နဂါးဗိုလ်၊ ဘလွေ၊ မကျီးတန်းနဲ့ တောကျောင်းလေးကျေးရွာတို့ဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့နယ် သုံးအိမ်စုကျေးရွာရှိ နေအိမ်တွေကိုလည်း စစ်ကောင်တပ်က ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုံးအိမ်စုကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အိမ်ခြေဘယ်လောက် လောင်ကျွမ်းတာကိုတော့ မသိရသေးဘဲ မီးခိုးတွေသာ အဝေးကလှမ်းမြင်နေရတယ်လို့ ဆိုပါတယ်။
"အရင်တခေါက်ကလည်း စစ်ကြောင်းထိုးပြီး မီးရှိုခံခဲ့ရပြီးပြီ၊ အခုလည်း မီးထပ်ရှို့နေတယ်။ ကျမတို့ကတော့ ပြေးနေကြရတယ်။ မီးခိုးတွေမြင်ရသလောက်ဆို တော်တော်များနိုင်တယ်” လို့ သုံးအိမ်စုကျေးရွာနေ စစ်ဘေးရှောင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
မေ ၃၀ ရက်ကလည်း သုံးအိမ်စုကျေးရွာက နေအိမ် ၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
အင်တာနက်လိုင်းတွေ ဖြတ်တောက် သတင်းအမှောင်ချထားတာ ၄ လဝန်းကျင်ရှိပြီဖြစ်တဲ့ ကလေးမြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။