မြန်မာစစ်ကောင်စီတပ်ဟာ သူ့ကို တော်လှန်တိုက်ခိုက်နေသူတွေအပေါ် အနိုင်ရနိုင်မှာ မဟုတ်တာကြောင့် မနှစ်ကလုယူထားခဲ့တဲ့ အာဏာကိုစွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက် ချောလက်က ပြောတဲ့ အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
“သူတို့နိုင်လိမ့်မယ်လို့ ဘယ်လိုအတွေးအခေါ်မျိုးနဲ့ လက်ခံယုံကြည်နေလဲဆိုတာ မသိနိုင်ဘူး။ သူတို့ နယ်မြေဆုံးရှုံးမှုတွေကြုံနေရတယ်။ သူတို့ရဲ့ စစ်တပ်မှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေလည်း ခံစားနေရတယ်။”လို့ ဒဲရက်ချောလက်က ပြောပါတယ်။
ဇွန်လ ၁၀ ရက်က ဘန်ကောက်မြို့မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို အခုလို ဖြေကြားခဲ့တာဖြစ်ပြီး “စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကိုသာခံစားနေရတာမဟုတ်ဘဲ ဒေသတွင်းမှာလည်း သူတဖွဲ့တည်း သီးသီးသန့်သန့် ဖြစ်လာနေတာကြောင့် တိုက်ခိုက်မှုတွေကိုရပ်တန့်ပြီးဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားသင့်တယ်” လို့လည်း ပြော ပါတယ်။
မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ရွေးကောက်ခံအရပ်သားအစိုး ရထံကနေ နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်မှာ ဖေဖော်ဝါရီ ၁ ရက်မှာ တရားမဝင် သိမ်းယူခဲ့ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်း ဖမ်းဆီးသတ်ဖြတ်မှုတွေ အမြောက်အမြား ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ပြည်သူလူထုက မခံမရပ်နိုင်တဲ့အဆုံး ခုခံတွန်းလှန်စစ်အဖြစ် လက်နက်ကိုင်စွဲကိုင်တော်လှန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေသာမကဘဲ၊ မြန်မာ့အရေးအတွက် အာဆီယံအပြင် စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို တစ်နိုင်ငံချင်းစီနဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့ အမေရိကန်အရာရှိက ပြောပါတယ်။
တရုတ်နိုင်ငံဟာလည်း မြန်မာ့နိုင်ငံရေးပြေလည်စေမယ့်အကြောင်းတစ်ခု ဖြစ်လာနိုင်မယ့်လို့မ မျှော်လင့်ကြောင်းလည်း ပြောခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက် ချောလက်ဟာ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်း နိုင်ငံတွေကို ခရီးလှည့်နေတာ ဖြစ်ပါတယ်။