ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ ဥရုချောင်းရေမြင့်တက်လာပြီး ရေမြုပ်နေတဲ့ လူနေအိမ်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်သားတွေက ဇွန် ၁၂ ရက် မနက်ပိုင်းက ကူညီကယ်ဆယ်ရေးလုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရေဘေးသင့်သူတစ်ဦးက “လူနေအိမ် ၁၀၀ ကျော် ရေနစ်မြုပ်နေလို့ ကေအိုင်အေ စစ်သားတွေက ရေဘေးသင့် မိသားစုတွေကို ကူညီကယ်ဆယ်ရေး ရွာကလူတွေနဲ့အတူ လုပ်ပေးနေတယ်"လို့ ပြောပါတယ်။
ဆယ်ဇင်းကျေးရွာဟာ ကေအိုင်အေ အမှတ် ၉ တပ်မဟာ ထိန်းချုပ်တဲ့ နယ်မြေအတွင်းက ကျေးရွာဖြစ်ပြီး မိုးရာသီ ဥရုချောင်းရေကြီးချိန် ရေဘေးဒဏ်ကိုနှစ်စဉ် ကြုံတွေ့နေရတဲ့ ရွာလည်းဖြစ်ပါတယ်။
ရေဘေးသင့် ဒေသခံ အမျိုးသားတစ်ဦးက “အရင်တုန်းက ရေဘေးဆို ပရဟိတလူငယ်တွေနဲ့ အချင်းချင်းတွေ ဝိုင်းကူညီတာပဲရှိတယ်။ ဒီနှစ် ရေကြီးတာနဲ့ ကေအိုင်အေရဲဘော်တွေလာကူညီလို့ ကျေးဇူးတင်တယ် " လို့ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဒီနှစ် မိုးရာသီအစမှာကတည်းက မိုးကောင်းနေပြီး ဥရုချောင်းတလျှောက် အနိမ့်ပိုင်းတွေ ရေဝင်နစ်မြုပ်နေကာ ချောင်းဘေး ဝဲ/ယာ နေထိုင်သူတွေ ကမ်းပါးပြိုမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြစ်/ချောင်းတွေထဲမှာ သယံဇာတ တူးဖေါ်တာတွေ ပိုဆိုးလာကာ ရေကြောင်းပြောင်းတာတွေ၊ ရေစီးရေလာပိတ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။