ဗမာတွေ လက်နက်ကိုင် တော်လှန်ရေးနဲ့ ဝေးကွာသွားတာ ကြာပါပြီ။ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် တရုတ်-မြန်မာနယ်စပ်ဘက် ပြောင်းရွေ့အခြေစိုက်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်ကတည်းက လက်နက်ကိုင်လမ်းစဉ်နဲ့ ကင်းဝေးသွားတယ်လို့ ပြောရမှာပါပဲ။
ဗိုလ်နေဝင်းရဲ့ မဆလအစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့ ၁၉၈၈ တော်လှန်ရေးကာလမှာ ဗမာကျောင်းသားလူငယ်တွေဟာ လက်နက်ကိုင်တော်လှန်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိရာ သွားရောက်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ပြည်တွင်းကို အင်အားအလုံးအရင်းနဲ့ ပြန်ဝင် တိုက်ခိုက်နိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။
အခုခေတ်လို ဆက်သွယ်ရေးမပွင့်လန်းချိန်မှာ အာဏာရှင်စစ်တပ်ရဲ့ တဖက်သတ် မမှန်သတင်းဖြန့်မှုတွေကလည်း တောခို ဗမာကျောင်းသားလူငယ်တွေရဲ့ လက်နက်ကိုင်လမ်းစဉ် မအောင်မြင်ရတဲ့ အကြောင်းရင်းတွေထဲက အချက်တရပ်ဖြစ်ခဲ့မှာပါပဲ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ ဗမာလူငယ်တွေဟာ အုပ်စုဖွဲ့ လက်နက်ကိုင်ဆောင်ခြင်းနဲ့ လုံးလုံးကင်းကွာ သွားရပါတယ်။ တခြားတိုင်းရင်းသားတချို့က ဗမာလူမျိုးကြီးဝါဒ ဖြိုဖျက်ကြဖို့ ဆော်ဩနေချိန်မှာ ဗမာနိုင်ငံရေးသမားနဲ့ ကျောင်းသားလူငယ်တွေဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ လက်နက်မဲ့ နိုင်ငံရေးနည်းလမ်းနဲ့ နှစ်ရှည်ထောင်ကျခံ၊ လူမှုစီးပွားအပျက်ခံပြီး တော်လှန်ခဲ့ကြပါတယ်။
နှစ်ပေါင်း ၄၀ လောက် လက်နက်ကိုင်တော်လှန်ရေးနဲ့ ကင်းကွာသွားတဲ့ ဗမာတွေကို ၂၀၂၁ ခုနှစ် တတိယအကြိမ် အာဏာသိမ်းမှုက လက်နက်ကိုင် လမ်းကြောင်းပေါ် ဆွဲတင်လိုက်ပါတော့တယ်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းမှုတွေကို ဗမာကျောင်းသားလူငယ်တွေဟာ ခေါင်းငုံ့မခံနိုင်ကြတော့တဲ့အဆုံး မလွဲမရှောင်သာဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကြရပါတော့တယ်။ ဒီတကြိမ် လက်နက်ကိုင်လမ်းစဉ် ကူးပြောင်းမှုဖြစ်စဉ်က ၁၉၈၈ ခုနှစ်ကလို မဟုတ်တော့ပါဘူး။ ဗမာလူငယ်တချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိရာမှာ ကာလတို စစ်သင်တန်းသွားတက်ပြီး မိမိဒေသရှိရာကို အမြန်ပြန်ဝင်လာကြပါတယ်။ အခြေခံစစ်ပညာတွေကို မိမိတို့ဒေသက လူငယ်တွေကို ပြန်လည် ဖြန့်ဝေပေးပါတော့တယ်။ တချို့ကလည်း မိမိတို့ ဒေသမှာရှိတဲ့ စစ်ပြန်ဟောင်းတွေကို စည်းရုံးပြီး အခြေခံစစ်ပညာ ပြန်လည်သင်ယူခဲ့ကြပါတယ်။
လက်နက်ကိုင်လမ်းစဉ်နဲ့ ဝေးကွာခဲ့လို့ လက်လုပ်သေနတ်တောင် မလုပ်တတ်တော့တဲ့ ဗမာလူငယ်တွေဟာ တူမီးကို ဝယ်ကိုင်ခဲ့ကြရာကနေ အခုဆို ကိုယ်တိုင် လက်နက်တွေ ထုတ်လုပ်တဲ့အဆင့်ကို ရောက်ရှိနေကြပါပြီ။ ပစ်ခတ်နိုင်မှု အကွာအဝေးနဲ့ ပစ်မှတ်ထိရောက်မှု အခြေအနေကို အသေးစိတ်မသိကြရသေးပေမဲ့ တီထွင်ကြံဆနိုင်စွမ်းကို အားလုံးက အသိအမှတ်ပြုကြရပါတယ်။ ဂျန်ဇီတွေရဲ့ တိုက်ပွဲပုံစံဖော်ဆောင်မှုတွေဟာလည်း နည်းဗျူဟာအသစ်တွေအဖြစ် မြင်တွေ့လာရပါတယ်။ ဒရုန်းမှာ ဗုံးတပ်ဆင် တိုက်ခိုက်မှုဆိုတာဟာ ပြည်တွင်းစစ်သမိုင်းမှာ ပထမဆုံး တိုက်ခိုက်ရေး ပုံစံသစ် ဖြစ်နေတာကို တွေ့ကြရပါလိမ့်မယ်။ နွေဦးတော်လှန်ရေးနဲ့အတူ ဖူးပွင့်လာတဲ့ ဗမာအပါအဝင် တိုင်းရင်းသားလူငယ် ဂျန်ဇီတွေဟာ ယခင်ပြည်တွင်းစစ်နဲ့ မတူကွဲပြားတဲ့ နည်းဗျူဟာတွေ ၊ တိုက်ခိုက်ရေးပုံစံသစ်တွေနဲ့ ခုခံတိုက်ခိုက်နေကြပါပြီ။
ဒီလို ခုခံတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားဘဲ ယခင်ကလို ပြည်မကလူကို ထောင်သွင်း အကျဉ်းချ ၊ နယ်စပ်ရောက် လက်နက်ကိုင်ကို ပြည်မပြန်မဝင်နိုင်အောင် ဖြတ်တောက်ဖို့သာ ပြင်ဆင်ထားတဲ့ စစ်ကောင်စီဟာ ရူးမိုက်စွာပဲ ကြွတ်မနိုင် ကျီမီးရှို့တော့တာပါပဲ။ ရွာစဉ်လှည့် မီးရှို့မှုတွေဟာ သိတတ်စ ဗမာကလေးငယ်တယောက်ရဲ့ စိတ်မှာ စစ်တပ်ဆိုတာကို နာကျည်းမုန်းတီးမှုတွေ ပြည့်လျှမ်းသွားစေမှာ သေချာပါတယ်။ ဗကပနဲ့ ရောင်စုံလက်နက်ကိုင်အဖွဲ့တွေ ရှိစဉ်ကတောင် ဒီလို ရွာလုံးကျွတ် မီးမြိုက် လုယက် သတ်ဖြတ်တာမျိုး မရှိခဲ့ဘူးလို့ ဗမာလူကြီးသူမတွေက မျိုးဆက်သစ်တွေကို ဖွင့်ဟ ပြောပြလာနေပါပြီ။ ဒါဟာ ဆွေစဉ်မျိုးဆက် နာကျည်းမှု၊ မုန်းတီးမှုကို ဖြစ်ထွန်းစေမှာပါ။ စစ်အာဏာရှင်ရဲ့ ခါးပိုက်ဆောင်စစ်တပ်ဆိုတာဟာ ဘယ်လူမျိုးစုကိုမှ ကိုယ်စားမပြုဘဲ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ဆိုရင် ယုတ်မာရက်စက် သတ်ဖြတ်တယ်ဆိုတာကို တိုင်းရင်းသားတစ်ရပ်လုံး မြင်တွေ့ခွင့်သာတဲ့ကာလလည်း ဖြစ်ပါတယ်။
အစိုးရစစ်တပ်ကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ဗမာလက်နက်ကိုင်သမိုင်းကို ပြန်ကြည့်ရင် ဗမာပြည်ကွန်မြူနစ်ပါတီက စတယ်လို့ ပြောရမှာပါ။ ကမ္ဘာ့ဖက်ဆစ်စနစ် ဆန့်ကျင်ရေးအတွက် ရည်စူးပြီး ၁၉၃၉ ခုနှစ်မှာ ဗမာလူငယ်တစ်စု စတင်ဖွဲ့စည်းခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဖက်ဆစ်ဂျပန်တိုက်ထုတ်ရေးနဲ့ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ပါတီတခု ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဖဆပလ နှစ်ခြမ်းကွဲချိန်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မြေအောက်ပါတီ ဖြစ်သွားရပါတယ်။ ဦးနုအစိုးရ အာဏာသိမ်းခံလိုက်ရပြီးနောက် ဗိုလ်နေဝင်းရဲ့ စစ်တပ်ကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ဗမာအများစုပါဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။ ဗကပဟာ အခြားတိုင်းရင်းသားတွေကိုပါ စည်းရုံးနိုင်ခဲ့တာပါ။ ဒါပေမဲ့ ခေါင်းဆောင်များ မညီညွတ်မှု၊ ဗကပဆိုတာ ဘုရားဖြို၊ သံဃာသတ်အဖွဲ့ရယ်လို့ ဝါဒဖြန့်ခံရမှု ၊ ပြည်မနေ ဗမာများနဲ့ကင်းကွာသွားမှု၊ ၁၉၈၉ ခုနှစ်မှာ ဝနဲ့ ကိုးကန့်တို့ရဲ့ ခွဲထွက်မှုတွေကြောင့် အင်အားချိနှဲ့ သွားခဲ့ရတာဖြစ်ပါတယ်။ မြန်မာစစ်တပ်က အမြစ်ပြတ်တိုက်ခိုက်နိုင်ခဲ့လို့ ပြိုကွဲသွားတာမျိုး မဟုတ်ပါဘူး။ မြေအောက်ပါတီ စဖြစ်ခဲ့တဲ့အချိန် ၁၉၄၈ ကနေ အင်အားချိနဲ့သွားချိန် ၁၉၈၉ ဆိုတဲ့ ကာလကို ပြန်တွက်စစ်ကြည့်ရင် (၄၁) နှစ်ကြာမှ ဗမာလက်နက်ကိုင်အဖွဲ့ဟာ တခန်းရပ်ခဲ့တာပါ။ အချိန်တိုအတွင်း ယိုင်နဲ့ပြိုလဲသွားတာ မဟုတ်ပါဘူး။
ဒါ့ကြောင့်လည်း ဗကပနဲ့ ဗမာတွေရဲ့ လက်နက်ကိုင်သမိုင်းကြောင်းကို ကောင်းကောင်းသိတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီဒုဥက္ကဋ္ဌက မင်းအောင်လှိုင်နဲ့ မေလအတွင်း တွေ့ဆုံချိန်မှာ ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးကိစ္စတွေကို ဘယ်ဘက်ကမှ ဝင်မပါဘူးလို့ ဆင်ဝှေ့ရန်ရှောင် ပြောသွားခဲ့တာ ဖြစ်ပါလိမ့်မယ်။
အခုတော့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တစုရဲ့ မဆင်မခြင် အာဏာသိမ်းမှုနဲ့ မတရားဖိနှိပ် သတ်ဖြတ်မှုတွေကြောင့် ဗမာတွေ တကျော့ပြန် လက်နက်ကိုင်လာကြပါပြီ။ နိုင်ငံရေးအမြင်မတူသူတွေအပေါ် နေအိမ်ချိပ်ပိတ်သိမ်းဆည်းတာ ၊ မတရားဖမ်းဆီးထောင်ချတာ၊ အိမ်တွေကို မီးရှို့ဖျက်ဆီးတာအပြင် နွေဦးတော်လှန်ရေးနဲ့ ပတ်သက်သူတွေကို သေဒဏ်ချမှတ်တာတွေကိုပါ စစ်ခေါင်းဆောင်တွေကလည်း တိုးမြှင့်လုပ်ဆောင်နေပါပြီ။
နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ တခြားတိုင်းရင်းသားတွေကိုပါ သေဒဏ်တွေ ချမှတ်နေတာကိုက မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ ဒသမ ၇ သန်းခန့်ရှိတဲ့အနက် လူဦးရေ ၃၅ သန်းလောက်ရှိတဲ့ ဗမာလူမျိုးစုရဲ့ ဘုံရန်သူ ဖြစ်နေပြီဆိုတာကို စစ်အုပ်စု ကြပ်ကြပ်သဘောပေါက်ထားဖို့ လိုပါလိမ့်မယ်။
ဘိန်းဘုရင် ခွန်ဆာ၊ လော်စစ်ဟန်တို့ကိုတော့ သူကောင်းပြု ချီးမြှင့်မြောက်စား အကာအကွယ်ပေးခဲ့တဲ့ စစ်တပ်ဟာ တိုင်းရင်းသားပြည်သူနဲ့ တသားတည်းရပ်တည်တဲ့ ကိုကျော်မင်းယု(ခ)ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးမှုနဲ့ သေဒဏ်ကျ အကျဉ်းသားတွေကို သေဒဏ်စီရင်လိုက်ရင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဗမာလူမျိုးတိုင်းက အရှိန်မြှင့် တော်လှန်တိုက်ခိုက်ကြပါလိမ့်မယ်။
စောအဲမွန်