မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ လူနာပို့ပြီးဆေးရုံကပြန်လာတဲ့ စစ်တောင်းလူမှုကယ်ဆယ်ရေးအသင်းရဲ့ ကား တစီး ဇွန် ၉ ရက် ညက သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အသင်းဝင် အမျိုးသားတယောက် သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အင်္ဂဘိုကျေးရွာသင်္ချိုင်းမှာ သောက်စားမူးယစ်နေတဲ့ ကင်းပုန်းဝပ်တာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့တွေက အော်ဟစ်ဆဲဆိုပြီး စစ်တောင်း လူမှုကယ်ဆယ်ရေးကားကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ခံက ပြောပါတယ်။
ဇွန် ၉ ရက် ည ၁၀ နာရီလောက်က စစ်တောင်းကျေးရွာမှာ အရက်သောက်ပြီး ဓားထိုးမှု ဖြစ်ပွားခဲ့တဲ့အတွက် ဓာဒဏ်ရာရသွားတဲ့ လူနာတယောက်ကို စစ်တောင်းလူမှုကယ်ဆယ်ရေးအသင်းက ကျိုက်ထိုမြို့နယ်ဆေးရုံသို့ သွားရောက် ပို့ဆောင်ခဲ့တာပါ။
ဆေးရုံက ပို့ဆောင်ပြီးအပြန် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ သင်္ချိုင်းအရှေ့အရောက်မှာ စစ်တောင်း လူမှုကယ်ဆယ်ရေးအသင်းရဲ့ကားကို သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်ခံရတာကြောင့် အသင်းဝင် ကိုကျော်ဇင်ဦးရဲ့ ဘယ်ဘက်ပေါင် ကျည်ရှပ်ထိ ဒဏ်ရာ၊ ကိုပြည့်ဖြိုးအောင် ဆီးအိမ်ကျည်ဖောက်ထွက် ဒဏ်ရာတွေ ရှိခဲ့ပြီးနောက် ကျိုက်ထိုမြို့နယ်ဆေးရုံသို့ ပြန်လည် ပို့ဆောင်စဉ် ကိုပြည့်ဖြိုးအောင် သေဆုံးသွားပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူလူထုအပေါ် ကြက်ကလေး ငှက်ကလေးသဖွယ် မတရားသတ်ဖြတ်နေမှုတွေကို လက်တုံ့ပြန်သွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ခံက ပြောပါတယ်။
အခုဖြစ်စဉ်အပေါ် စစ်အုပ်စုထောက်ခံသူတွေကတော့ စစ်တောင်းလူမှုကယ်ဆယ်ရေးကားကို ကေအန်ယူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝါဒဖြန့်နေပါတယ်။
ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတစ်ခု ဖြစ်ပြီး စစ်ကောင်စီတပ်က အမြဲလို ကင်းပုန်းလာဝပ်နေတာပါ။