Home
ဆောင်းပါး
နေအထွက် ဒီအတက်မှာ စည်တီးလို့ ပြည်ကြီးဝင်နိုင်ကြပါစေ
DVB
·
June 10, 2022
Article

ဒီရေတက်ပြီဆိုရင် ရေလှိုင်းတွေ ဘောင်ဘင်ခတ်မြဲပါပဲ။ မြန်မာ့နွေဦးတော်လှန်ရေး ဒီအတက်မှာ ဘောင်ဘင်ခတ်နေတာလည်း တွေ့နေရတယ်။ တချို့လည်း အားမလိုအားမရ ဖြစ်ကြတာလည်း ရှိပေါ့။ တချို့လည်း အပျက်သဘော ပြောဆိုကြတာလည်း ရှိရဲ့။ ဒါပေမဲ့ နိုင်ငံသားအများစုကတော့ နွေဦးတော်လှန်ရေးဟာ အနာဂတ်နိုင်ငံတော်သစ်အတွက် မျှော်လင့်ချက်ထား အားကိုးတကြီး ရှိနေတာကတော့ တကယ့်အရှိတရားပါပဲ။

‘အချိန်နဲ့ဒီရေသည် လူကိုမစောင့်’ ဆိုသလိုပါပဲ။ တော်လှန်ရေးရေချိန်အတက်မှာ အားစိုက်ဖို့ လိုတာကလည်း အသေချာဆုံးအချက်တခုပါ။ တဖက်ကကြည့်ပြန်တော့လည်း အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ အချက်ကို ထည့်တွက်ကြရပါတယ်။ အဆင်သင့်မဖြစ်မီ ဆန္ဒစောနဲ့ လုပ်ကိုင်မိရင်လည်း တပ်ဦးကျွံတတ်တာလည်း ရှိပါတယ်။ နောက်ကျလွန်းရင်လည်း စွန့်စားရတဲ့ အခက်အခဲက ပိုကြီးလေ့ရှိတတ်တာလည်း ရှိရဲ့။

အချိန်တိုအတွင်း တော်လှန်ရေးတခု အောင်မြင်ဖို့ဆိုတာကတော့ အတော်ခက်ခဲတတ်တာကို အားလုံးသိပြီးသားပါပဲ။ အခုဆို နွေဦးတော်လှန်ရေးဟာ တနှစ်နဲ့လေးလကျော်ခဲ့ပြီ။ အတော်လေး ခရီးပေါက်ခဲ့သလို ရန်သူအခြေအနေဟာလည်း ယိမ်းယိုင်ရုံမက အကျပ်တည်းဆုံး အနေအထား ရောက်လာနေတာကို တွေ့နေရတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အဆုံး အဘက်ဘက်က အရှုံးကိုသာ ရင်ဆိုင်နေရတယ်။ ဒါကြောင့်လည်း နည်းမျိုးစုံနဲ့ ထွက်ပေါက်တခု ရှာနေရတဲ့ အခြေအနေမှာ ရှိနေတယ်။ လူထုအနေနဲ့ သည်းခံစောင့်စည်းခဲ့ရတာကလည်း နှစ်ပေါင်း ၆၀ ကျော်နေပြီဆိုတော့ အလျင်လိုနေတတ်တာလည်း သဘာဝကျတာပါပဲ။

နိုင်ငံသမိုင်းတခုလုံးကို ပြန်ကြည့်တော့ ၁၉၄၂ ဂျပန်တို့ ဗမာနိုင်ငံပေါ် လာရောက်သိမ်းပိုက်ခဲ့တယ်။ အင်္ဂလိပ်စစ်ပြေးအစိုးရလည်း မြန်မာ့မြေမှာ ပြန်လည်အနိုင်ရယူဖို့ ကြိုးစားခဲ့ရတာဟာ ၁၉၄၅ အထိ သုံးနှစ်ကျော် ရှည်ကြာခဲ့တယ်။ ဗမာ့စစ်မြေပြင်မှာ နယ်လုခဲ့ကြတဲ့ အင်္ဂလိပ်နဲ့ ဂျပန်တို့ တိုက်ပွဲကြောင့်လည်း ဗမာပြည်ဟာ ပြာပုံအတိဖြစ်ခဲ့တယ်။ ဗမာမျိုးချစ်တို့လည်း ဂျပန်ကိုတော်လှန်ဖို့ စိုင်းပြင်းခဲ့ကြတာ အနည်းဆုံး ၃ နှစ်ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒါက သမိုင်းမှာရှိခဲ့တဲ့ အခြေအနေပါ။

တက္ကသိုလ်နေဝင်းကတော့ ဗမာမျိုးချစ်တွေ ဂျပန်ကိုတော်လှန်ဖို့ ကြိုးပမ်းကြတာ နှစ်ကြိမ်ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ပထမအကြိမ်က သခင်အောင်ဆန်းတို့ ၂၇ ယောက် ဖော်မိုဆာမှာ စစ်သင်တန်းတက်ချိန်ကလို့ ဆိုတယ်။ ဒါကိုတော့ သခင်အောင်ဆန်းက အချိန်မတန်သေးဘူး၊ မလုပ်ကြနဲ့လို့ တားလိုက်ခဲ့ရဖူးသတဲ့။ ဒုတိယအကြိမ်ကတော့ ၁၉၄၃ ထဲမှာ။

ရဲဘော်တချို့နဲ့ ဘီဒီအေဗိုလ်တချို့က ဂျပန်ကိုတော်လှန်ဖို့ လုပ်နေတယ်ဆိုတဲ့သတင်းကို ဗိုလ်ချုပ်အောင်ဆန်းကြားတော့ ၁၉၄၃ ဩဂုတ်လမှာပြုလုပ်တဲ့ ဗမာကာကွယ်ရေးအရာရှိများရဲ့ ကွန်ဖရင့်မှာ “ခင်ဗျားတို့ ရက်ချိန်းသတ်မှတ်ပြီး ဂျပန်ကိုတော်လှန်ဖို့ လုပ်နေတယ်လို့ ကျုပ် ကြားတယ်။ ဂျပန်ဆန့်ကျင်ရေးစိတ်ဓာတ်အတွက် ကျုပ် ချီးကျူးတယ်။ ဒါပေမဲ့ အချိန်မကျခင် လုပ်ရင် ခင်ဗျားတို့အားလုံး ဒုက္ခရောက်သွားမယ်။ အချိန်ကျရင် ခင်ဗျားတို့ကို ကျုပ် ပြောမယ်” လို့ ပြောခဲ့တဲ့အကြောင်းကိုတော့ မြသန်းတင့်ပြန်ဆိုတဲ့ ‘အကြာဆုံးစစ်ပွဲမြန်မာပြည်’ (Burma: The Longest War 1941-1945, Louis Allen) ရဲ့ စာအုပ်မှာ ဖော်ပြထားတယ်။

အဲဒီလို ဘီဒီအေတို့အနေနဲ့ အချိန်မတိုင်မီ တော်လှန်ရေး စတင်ကြေညာမှာကို ဗိုလ်ချုပ်ကြီးစလင်းကလည်း စိုးရိမ်တဲ့အကြောင်း လူးဝစ်အယ်လင်းက သူ့စာအုပ်မှာ ရေးခဲ့တာလည်း ရှိပါတယ်။ ဆလင်းက ၁၉၄၄ စက်တင်ဘာလထဲမှာ ဗိုလ်ချုပ်ဆီဂရင်းနဲ့ ၇ ဦးကို ကြည့်မြင်တိုင်သုသာန်မှာ ကွပ်မျက်ခံရကြောင်း ကြားပြီးတဲ့နောက်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ အချိန်မတိုင်မီ ထကြွပုန်ကန်မှာကို စိုးရိမ်ကြောင်း အခုလို မှတ်တမ်းတင်ခဲ့တယ်။

“ထိုအချိန်က ဗိုလ်ချုပ်ဆလင်းသည် မြန်မာပြည်တွင် ပုန်ကန်ထကြွမှုတခု ပေါ်ပေါက်မည်ကို အစိုးရိမ်ကြီး စိုးရိမ်လျက်ရှိသည်။ ဆလင်းသည် ဗြိတိသျှတို့ဘက် ကူးပြောင်းလာခြင်းမပြုမီ သူ့တပ်များ ထိုးဖောက်ခြင်းမပြုမီ ဗမာ့ကာကွယ်ရေးတပ်မတော်က ဗြိတိသျှတို့ဘက် ကူးပြောင်းလာလျှင် အန္တရာယ်ဖြစ်မည်ကို များစွာစိုးရိမ်နေသည်။ အချိန်မကျမီ ပုန်ကန်ထကြွခဲ့လျှင် ဂျပန်တို့က ပုန်ကန်တော်လှန်သော အောင်ဆန်းကို သူတို့စိတ်တိုင်းကျ နှိမ်နင်းပစ်မည်ကို စိုးရိမ်နေသည်” လို့ ဖော်ပြခဲ့တယ်။

တကယ်တော့ အဲဒီအချိန်မှာ ဗမာ့အမျိုးသားတပ်မတော်ဟာ လူသာရှိပြီး လက်နက်၊ ရိက္ခာ မရှိသေးဘူးလို့ ဆိုပါတယ်။ အခု PDF တွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေမျိုးပါပဲ။ စစ်ပွဲအသေးလေးတခု ဆင်နွှဲဖို့ဆိုရင်တောင် ရိက္ခာ၊ လက်နက်၊ ထောက်ပို့လမ်းကြောင်း၊ ရန်သူအခြေအနေ၊ ကိုယ့်အခြေအနေတွေကို အစုံလေ့လာပြီးမှ ဗျူဟာတခုချပြီး ဆင်နွှဲကြရတာပဲ မဟုတ်လား။

ဒါဟာ ဘာကိုဖော်ပြနေသလဲဆိုတော့ တော်လှန်ပုန်ကန်မှုတခု လုပ်တော့မယ်ဆိုရင် ဒီအတက် နေအထွက် ချိန်ကိုက်ဖြစ်ဖို့ လိုတာကို ညွှန်းဆိုနေတာပါ။ စစ်ရေးစစ်ရာမှာ ချိန်ကိုက်ဖြစ်ဖို့ အလွန်အရေးကြီးတာကို ပြဆိုနေတာပါပဲ။

လည်ပတ်နေတဲ့ အဝန်းအဝိုင်းရဲ့အပြင်မှာ ရောက်နေသူအချို့ကတော့ အတွင်းသတင်းကို မသိတဲ့အခါ အောင်မြင်လိုစိတ် စောနေတတ်ပါတယ်။ အပြစ်ဆိုစရာ မဟုတ်ပေမဲ့ ဦးဆောင် ဆုံးဖြတ်ရတဲ့သူတွေအဖို့တော့ ဒါတွေကို အတတ်နိုင်ဆုံး စိတ်ထဲမှာဖျောက်ပြီး ကာလဒေသ အခြေအနေနဲ့ သင့်လျော်မယ့် ဆုံးဖြတ်ချက်ကို ချကြရမှာပါ။

တရုတ်ပညာရှိကြီး ဆွန်ဇူးက “စစ်ဟာ တိုင်းနိုင်ငံရဲ့ အရေးကိစ္စကြီး။ သေခြင်းနဲ့ ရှင်ခြင်းနဲ့ဆိုင်တဲ့ တလင်းပြင်။ နယ်မြေရပ်ဝန်း တည်မြဲခြင်းနဲ့ ချုပ်ငြိမ်းခြင်းတို့ရဲ့ လမ်းကြောင်း။ စေ့စေ့စပ်စပ် သေသေချာချာ မလေ့လာ မသုံးသပ်လို့မဖြစ်။ ချင့်ချင့်ချိန်ချိန် ဆင်ဆင်ခြင်ခြင် သဘောမထားလို့ မရဘူး” လို့ ပြောခဲ့တယ်။

အဲဒီလို စစ်ချီစစ်တက်ရာမှာ ဆင်ခြင်နိုင်ဖို့ ဆွန်ဇူးက ကြောင်းခြင်းရာတွေကို နှိုင်းချိန်ခွဲခြမ်းစိတ်ဖြာ ကြည့်ရမယ်ဆိုပြီး အကြောင်းခြင်းရာ ၅ ရပ်ကို ဖော်ပြခဲ့တယ်။ စစ်ဆင်နွှဲရာမှာ တရားနည်းလမ်းကျဖို့၊ ကိုယ်က အမှန်ဘက်မှာရှိဖို့၊ ပြည်သူလူထု ဆန္ဒသဘောထားနဲ့ ကိုက်ညီဖို့လိုတယ်လို့ စတာတွေကို  ပထမဆုံးအချက်အနေနဲ့ ပြောခဲ့တာ။

ဒုတိယအချက်အနေနဲ့ကတော့ အချိန်အခါကိုသိဖို့ လိုတယ်လို့ ဆိုတယ်။ အချိန်အခါဆိုရာမှာ ရာသီဥတုသဘော၊ မိုးလေဝသ အခြေအနေတို့ရဲ့ သဘောလည်း ပါဝင်တယ်လို့ ဆိုတယ်။ တတိယအချက်ကတော့ မြေပြင်အခြေအနေ၊ ပထဝီဆိုင်ရာတွေ၊ စစ်မြေပြင်ရဲ့ နယ်အကျဉ်းအကျယ် ကန့်သတ်မှုက အစပေါ့။ ကိုယ်ချီတက်ရမယ့်နေရာနဲ့ အနီးအဝေး ခရီးအကွာတွေလည်း ပါတယ်။ တပ်အဆုတ်အတက်လုပ်ဖို့နဲ့ ထောက်ပို့လုပ်ဖို့ အခက်အခဲရှိတဲ့ စစ်မြေပြင်လား ဆိုတာကအစ စနစ်တကျ လေ့လာဆန်းစစ် ခွဲခြမ်းစိတ်ဖြာဖို့လည်း လိုတယ်။

စတုတ္ထအချက်အနေနဲ့ကတော့ စစ်သူကြီး(စစ်သေနာပတိ) အခေါင်ချုပ်ရဲ့ စိတ်သဘောထား၊ အရည်အချင်း၊ ဉာဏ်ပညာ ဆင်ခြင်သုံးသပ်နိုင်စွမ်းနဲ့ ရဲစွမ်းသတ္တိတို့ကိုလည်း စနစ်တကျ ရွေးချယ်တည်ဆောက်ထားဖို့လိုတယ်။ ဒီမှာတော့ ရိုသေလေးစားတတ်ခြင်း၊ ခွင့်လွှတ်သဘောထားကြီးခြင်း၊ ကတိသစ္စာတည်ခြင်း၊ ထက်မြက်စူးရှခြင်းဆိုတဲ့ အချက်တွေလည်း ပါတာပေါ့။

ပဉ္စမအချက်ကတော့ စစ်တပ်တခုရဲ့ ဖွဲ့စည်းမှု၊ အုပ်ချုပ်ထိန်းကျောင်းပုံ၊ အဖွဲ့လိုက် စစ်ချီလှုပ်ရှားပုံ၊ နည်းစနစ်အပိုင်း၊ အရာရှိနဲ့ အကြပ် အောက်လက်ငယ်သား၊ တာဝန်ဝတ္တရားနဲ့ အမိန့်စီးဆင်း ဆက်ဆံနေထိုင်မှုအပိုင်း၊ စစ်တပ်တတပ်ရဲ့ လက်နက်ခဲယမ်း၊ အသုံးအဆောင်အပိုင်းတွေကိုလည်း ထည့်သွင်းသုံးသပ် ခွဲခြမ်းစိတ်ဖြာတတ်ဖို့လည်း လိုတယ်လို့ ဖော်ပြထားလေရဲ့။

ဒီအချက်တွေ မပြည့်စုံသေးဘဲနဲ့ စစ်ပွဲတခု ဆင်နွှဲရာမှာ အခက်အခဲရှိနိုင်တဲ့အပြင် မသေချာ မရေရာတဲ့ စစ်ပွဲတခုကိုသာ ဆင်နွှဲခြင်းလို့ မှတ်ယူရမှာပါပဲ။ နယ်မြေသိမ်းစစ်ပွဲတခု ဆင်နွှဲခြင်းမှာ ပိုလို့ အချိန်ယူ ပြင်ဆင်ကြရမှာပါ။ ရိက္ခာ၊ လက်နက်၊ လူအင်အားတို့ကို ချိန်ဆပြီးရင်တော့ အခွင့်အခါကောင်းကို စောင့်ပြီး နေအတက် ဒီရေအတက်မှာ လျှပ်တပြက်နဲ့ လျင်မြန်မှုကို အသုံးချပြီး တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်။

ဒီမှာ နွေဦးတော်လှန်ရေးကို အားမလိုအားမရဖြစ်နေတဲ့ မိတ်ဘက်၊ ဝန်းရံသူတွေအတွက် ဆွန်ဇူးရဲ့ စကားလေး ထပ်ဆင့်လက်ဆောင်ပါးလိုက်ချင်တယ်။

ဆွန်ဇူးက “စစ်တပ်ရဲ့ ကြောင်းခြင်းရာအားလုံးကို မသိကျွမ်း မတတ်မြောက်ဘဲ စစ်တပ်ရဲ့ စစ်ရေးစစ်ရာကိစ္စ၊ တာဝန်များထဲ ဝင်ရောက်စွက်ဖက်ရင် စစ်သည်ဗိုလ်ပါများကို အကြံအိုက် အကြပ်ရိုက်စေတယ်” လို့ ဆိုပါတယ်။ စစ်ရေးစစ်ရာကိစ္စတွေကို သက်ဆိုင်သူတွေ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြပါစေ။ ကိုယ့်တာဝန် ကိုယ်ကျေဖို့သာ အဓိကဖြစ်ပါတယ်။

ကဲ အဓိအချက်တွေ ပြည့်စုံအောင် သင် ဘယ်လိုကူညီ ထောက်ပံ့နိုင်မလဲ။ ပြည်သူတရပ်လုံးနဲ့ အကြမ်းဖက်စစ်အုပ်စု တိုက်ပွဲမှာ ဘေးထွက်ထိုင်နေလို့ မရတော့ဘူး။ သင့်လုပ်အားလည်း လိုအပ်နေတယ်။ အချိန်သင့်အခါသင့်ကို စောင့်မျှော်ရင်း နွေဦးတော်လှန်ရေးရဲ့ တစုံတညီ တိုက်ပွဲခေါ်သံကို စောင့်မျှော်ရင်း အသင့်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

‘ချည့်နဲ့သူဟာ အခွင့်အခါကို စောင့်တယ်။ အားကြီးသူဟာ အခွင့်အခါကို ဖန်တီးတယ်။ ဉာဏ်ကြီးသူဟာ အခွင့်အခါကို အသုံးချတတ်တယ်’ ဆိုတဲ့ ဆရာငြိမ်းချမ်းသူရဲ့ ကောက်ချက်အတိုင်း အခွင့်အခါကောင်းကို အသုံးချပြီး ‘နေအတက်နဲ့ ဒီအတက်’ ကိုက်ညီမယ့် ဆုံးဖြတ်ချက်တရပ် ပေါ်ပေါက်လာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

“အခွင့်အခါကောင်းကို အသုံးချပြီး နေအထွက် ဒီအတက်နဲ့အတူ စည်တီးလို့ ပြည်ကြီးဝင်နိုင်ကြပါစေ….။”

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024