ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ကန်ပက်လက်မြို့နယ်မှာ ဇွန် ၉ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ယောက် သေဆုံးခဲ့တယ်လို့ PDF-ဆော (YRPA) ရဲ့ ပြန်ကြားရေးတာန်ခံ ဗိုလ်မင်းက ဒီဗွီဘီကို ပြောပါတယ်။
“မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာက ချင်းလက်မွန်နဲ့ ယောလက်မွန်ဆိုပြီး ၂ ခုရှိတာဗျ။ အခုတိုက်ပွဲဖြစ်တာက ချင်းလက်မွန် (အထက်လက်မွန်) ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာ။ တိုက်ပွဲက ဇွန်လ ၉ ရက်နေ့ မနက် ၁၀ နာရီလောက်ကနေ ၁၁ နာရီလောက်ထိ တကြိမ်၊ ညနေ ၅ နာရီကနေ ၆ နာရီလောက်ထိ တကြိမ် ဖြစ်ပွားခဲ့တာ။ စစ်ကောင်စီတပ်သား ၉ ယောက်သေဆုံးပြီး ဒဏ်ရာရသူ အရေတွက်ကိုတော့ မသိရသေးဘူး။”
အဲဒီတိုက်ပွဲကို CDF-ကန်ပက်လက်၊ PDF-ဆော တပ်ရင်း(၂) YRPA၊ The Youth Force နဲ့ ညောင်းရမ်း-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ညီနောင်မဟာမိတ်တပ်တွေဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
အထက်လက်မွန်ရွာ ဒေသခံတယောက်က “ကျနော်တို့ရွာနားမှာ တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်ဗျ။ တရွာလုံးက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးလာခဲ့ရတယ်။ စစ်(...)၊ ပျူ(...)တွေဟာ ပြည်သူလူထုရဲ့ နေအိမ်တွေကို မွှေနှောက်ပြီး ငွေကြေးနဲ့ ပစ္စည်းတွေကို ယူဆောင်သွားကြသလို တချို့ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို ဖျက်ဆီးခဲ့ကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၁၈၅ ယောက်ပါပြီး ဇွန် ၇ ရက်ကတည်းက ဟိုဘက်တက်သလို ဒီဘက်တက်သလိုနဲ့ အထက်လက်မွန်ဘက်ကို တက်သွားတယ်လို့ သတင်းကြားတဲ့အတွက် ဒီနေ့မှာ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တာလို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့ PDF-ဆော အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေမှာ လက်နက်ခဲယမ်း အခက်အခဲတွေ ရှိတယ်ဗျ။ မောင်းပြန်သေနတ်တလက်ကို အရင်က သိန်း ၃၀ ကျော်လောက်သာ ပေါက်စျေးရှိပေမဲ့ အခု သိန်းရာကျော်ထိ စျေးပေါက်ကာ သယ်ယူရတဲ့ လမ်းကြောင်းလည်း မလွယ်ကူသလို မကြာခဏ ဖမ်းဆီးခံရတာတွေလည်း ရှိနေတယ်။”
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။