ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၄ မိုင်ရှိ အမှတ် ၂ ရဲတပ်ရင်းရှေ့ရှိ မေယုခန်းမမှာ ဇွန် ၉ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော် တပ်စွဲထားတာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေလုပ်မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ခုလို အင်အားတိုးချဲ့ချလာတာကြောင့် ၄ မိုင်၊ မကျည်းကုန်း၊ သာယာကုန်း၊ ငွေတောင် စတဲ့ကျေးရွာ ၃ ရွာမှ ဒေသခံတွေ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
၄ မိုင်ဒေသခံတစ်ဦးက “မေယုခန်းမထဲမှာ စစ်သား ၁၀၀ ကျော်လောက်ကို ဘူးသီးတောင်က စစ်ကား ၂ စီးနဲ့ ဒီနေ့မနက်ပိုင်းမှာ လာချပေးသွားတာ။ အခုညနေ ၄ နာရီအချိန်ထိ ခန်းမထဲမှာ ရှိနေကြတုန်းပါ။ ညပိုင်းကျတော့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေစစ်ဆေးမှာကို စိုးရိမ်ကြောက်လန့်နေကြတာ” လို့ ပြောပါတယ်။
မေလ ၆ ရက်ကစပြီး မောင်တောဒေသရှိ နယ်ခြားစောင့်တွေကို စတင်ပြီး အပြောင်းအရွှေ့ ပြုလုပ်နေခဲ့ကြပြီးနောက် စစ်အင်အားတွေ တိုးချဲ့ချထားလာတာကြောင့် ဒေသခံတွေက စိုးရိမ်နေတာကြတာလည်း ဖြစ်ပါတယ်။
မကျည်းကုန်းကျေးရွာဒေသခံတစ်ဦးက“မောင်တော ၄ မိုင်က နခခ-၂ တပ်ရင်းတစ်ခုလုံးကို လူစားလဲခဲ့ကြတယ်။ ဒီနေ့မှာတော့ ၄ မိုင် အမှတ် ၂ နယ်ခြားစောင့်တပ်က မေယုခန်းမမှာ စစ်သားတွေအပြည့် တွေ့ရတော့ ညအချိန် ကျေးရွာတွေကို ဝင်ရောက် စစ်ဆေးလာမှာကို စိုးရိမ်နေရပါတယ်”လို့ ဆိုပါတယ်။
နယ်ခြားစောင့် အမှတ် ၂ မှာ နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး အပါအဝင် ပြည်မမှ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းပြီး မောင်တောခရိုင်သို့ ပြောင်းရွှေ့ခဲ့ကြတာပါ။