တနင်္သာရီတိုင်းမြို့နယ်တချို့မှာ တရားမဝင် စက်သုံးဆီအရောင်းဆိုင်ငယ်လေးတွေကို ဖမ်းဆီးမယ်လို့ သတင်းထွက်ပေါ်ပြီးတဲ့နောက် ဒေသခံအများစုက စက်သုံးဆီတွေအလုအယက် ဝယ်ယူတဲ့အတွက် စက်သုံးဆီဈေးနှုန်းတွေမြင့်တက်သွားပါတယ်။
ကော့သောင်းမြို့နဲ့ မြိတ်မြို့တွေမှာ ဇွန်လ ၉ ရက်နေ့က စက်သုံးဆီဆိုင်တွေရှေ့ ယာဉ်လမ်းတွေပိတ်ဆို့တဲ့အထိ တန်းစီဝယ်ယူနေကြရပြီး စက်သုံးဆီပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ဇွန် ၈ ရက်က တရားမဝင် စက်သုံးဆီအရောင်းဆိုင်တွေကိုဖမ်းဆီးမယ်လို့ သတင်းထွက်ခဲ့သလို မြိတ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ဆီတင်ဆိပ်ကမ်းတချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စည်ပင်ဌာနက သွားရောက်စစ်ဆေးပြီးနောက် အခုလို စက်သုံးဆီတွေကို ဒေသခံတွေက အလုအယက် ဝယ်ယူနေကြတာပါ။
မြိတ်မြို့က စက်သုံးဆီ သွားရောက်ဝယ်ယူခဲ့သူတစ်ဦးက “ဖမ်းဆီးမှုတွေပြုလုပ်မယ်ဆိုရင် စက်သုံးဆီတွေပြတ်လပ်သွားမှာကိုစိုးရိမ်လို့ အခုလို စက်သုံးဆီတွေကို အလုအယက် သွားရောက်တန်းစီ ဝယ်ယူခဲ့တာ။ အရင်က ၉၂ ဓါတ်ဆီ တစ်လီတာကို ၂၃၅၀ သာပေးရပေမယ့် ဒီနေ့မှာတော့ တစ်လီတာကို ၃၀၀၀ ပေးပြီး ဝယ်ယူခဲ့ရတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ စက်သုံးဆီတွေ ဝယ်လိုအားများတဲ့အတွက်မြိတ်မြို့က စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်သွားပြီး ဆီဆိုင်တစ်ချို့ ပိတ်လိုက်ရကာ ကော့သောင်းမြို့နယ်က ဆီဆိုင်တွေအားလုံးကတော့ ပိတ်ထားလိုက်ရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်မြို့နယ်အတွင်းမှာတော့ တရားဝင်စက်သုံးဆီဆိုင် ၁၀ ဆိုင်အထက်ရှိကာ အခုလို စက်သုံးဆီပြဿနာကြောင့် မြို့တွင်းသွားလာရေးနဲ့ ရေလုပ်ငန်း ကုန်သွယ်ရေးလုပ်ငန်းတွေမှာပါ ထိခိုက်လာနိုင်မှာကို လုပ်ငန်းရှင်တွေအနေနဲ့ စိုးရိမ်နေကြပါတယ်။