အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန် ၉ ရက် ဒီနေ့ မြန်မာ-ထိုင်းနယ်စပ် မြဝတီတဘက်ကမ်း ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ တာဆောင်ယမ်းမြို့ရှိ မဲ့လဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးတာဝန်ခံအတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ကယယ်ဟဲ့သ် လည်း လိုက်ပါလာပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေထိုင်နေရတဲ့ အခြေအနေနဲ့ ကျန်းမာရေးဌာနတွေကို သွားရောက်လေ့လာ ကြည့်ရှုသွားပါတယ်။
မြန်မာ-ထိုင်းနယ်စပ် တာခ်ရိုင်အတွင်းမှာ နို့ဖိုးစခန်း၊ အုန်းဖျန်စခန်းနဲ့ မဲ့လစခန်းဆိုပြီး မြန်မာစစ်ဘေး ဒုက္ခသည်စခန်း ၃ ခုရှိရာမှာ မဲ့လစခန်းက ဒုက္ခသည် ၂၇၀၀၀ ကျော်ခိုလှုံနေတဲ့ အကြီးဆုံး စခန်းဖြစ်ပါတယ်။
မဲ့လဒုက္ခသည်စခန်းမှာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေအတွင်း မြန်မာစစ်တပ်ရဲ့ ရွာတွေမီးရှို့၊ ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာပြည်က တိုင်းရင်းသားပြည်သူတွေ ဆယ်စုနှစ်တွေနဲ့ချီပြီး နေထိုင်နေကြတာလည်းဖြစ်ပါတယ် ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန် ၇ ရက်မှ ၁၄ ရက်အထိ အာဆီယံ ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို ခရီးလှည့်နေတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအပါအဝင် ပြီးခဲ့တဲ့လက ဝါရှင်တန်ဒီစီမှာ ကျင်းပ ပြီးစီးခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအထူးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရေးတွေကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထိုင်းနိုင်ငံမှာတော့ အစိုးရထိပ်တန်းအကြီးအကဲတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး မြန်မာပြည်သူတွေကို ကူညီနိုင်ရေးအတွက် အမေရိကန်ရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။