စစ်ကိုင်းတိုင်း၊ တမူးမြို့တွင်းကို စစ်ကောင်စီတပ်က ဇွန် ၈ ရက် ညနေ ၆ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမူးမြို့ပေါ် စော်ဘွား (၄) ရပ်ကွက်က လူနေအိမ် ၂ လုံး ပျက်စီးသွားတာလို့ တမူးဒေသခံတဦးက ပြောပါတယ်။
“လက်နက်ကျည်ကတော့ စစ်ကောင်စီကနေပစ်တဲ့ ကျည်ပဲဗျ။ ဘာကြောင့်ပစ်တာလဲဆိုတော့ PDF ကိုမနိုင်လို့ ကျေးရွာတွေဘက် ပစ်ကြတာ။ အဲလို ပြည်သူတွေနေတဲ့ ရပ်ကွက်ထဲ အခုလိုပစ်လို့ သူတို့အတွက် ဘာအကျိုးထူးမှာလဲ။ အခုလည်း တော်သေးလို့ အိမ်ပဲပျက်စီးတာ။ လူတွေထိခိုက်တာမရှိလို့ တော်သေးတယ်။ ပျက်စီးတဲ့ ပစ္စည်းတွေကတော့ အိမ်တလုံးက ခေါင်မိုးကိုထိတယ်၊ နောက်တလုံးက အိမ်ရဲ့အနောက်ဘက်အခြမ်းကို ထိတယ်” လို့ ပြောပါတယ်။
တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ဇွန်လအစပိုင်းကတည်းက တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ မုံရွာ-တမူး ကားလမ်းမကြီးကို အသုံးပြု သွားလာတာ မပြုလုပ်ဖို့ ဒေသခံကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။