Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၉၁၀ ခန့်ရှိလာဟု အေ အေပီပီ ထုတ်ပြန်
DVB
·
June 9, 2022
signal-2022-06-08-174050_001

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၀၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၀၄၆ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၀,၉၈၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၁၁၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၃ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၀၃၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၆၁၇ ထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဒေါင်းခြံကျေးရွာမှ ကိုချစ်လွင်ကို အကြမ်းဖက်စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ ဇွန် ၅ ရက်ညနေ ၄ နာရီလောက်မှာ ဖမ်းဆီးခဲ့ပြီး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ကိုချစ်လွင်ကို ထန်းတက်နေချိန်မှာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး နတ်မြောက်ကျေးရွာမှ နတ်တောင်ကျေးရွာဆီသွားရာ လမ်းဘေးက လျှော်ဖြူခြံ တစ်ခြံအတွင်းမှာ မေးမြန်းရိုက်နှက်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ဇွန် ၆ ရက်ညနေပိုင်းမှာတော့ ကိုချစ်လွင်ရဲ့ ရုပ်အလောင်းကို မိသားစုက မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သရက်ပင်ကျေးရွာက ကိုဝေလင်းကို အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် ပစ်သတ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။ ကိုဝေလင်းမှာ စစ်ဘေးရှောင်နေသူဖြစ်ပြီး ဇွန် ၃ ရက်က သရက်ပင်ကျေးရွာက နေအိမ်ဆီ ခဏပြန်လာချိန်မှာ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ထိပ်တိုက်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024