အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန် ၇ ရက်မှ ၁၄ ရက်အထိ အာဆီယံ ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို သွားရောက်ဖို့ ရှိနေပါတယ်။
ဒီခရီးစဉ်မှာ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအပါအဝင် ပြီးခဲ့တဲ့လက ဝါရှင်တန်ဒီစီမှာ ကျင်းပ ပြီးစီးခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအထူးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရေးတွေကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထိုင်းနိုင်ငံမှာတော့ အစိုးရထိပ်တန်းအကြီးအကဲတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး မြန်မာပြည်သူတွေကို ကူညီနိုင်ရေးအတွက် အမေရိကန်ရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ချောလက်ဟာ ရှန်ဂရီလာဆွေးနွေးပွဲကို တက်ရောက်သွားမှာဖြစ်ပြီး စင်ကာပူအစိုးရထိပ်တန်းအကြီးအကဲ တာဝန်ရှိသူတွေနဲ့အတူ မြန်မာ့အရေးပဋိပက္ခတွေနဲ့ ပတ်သက်နဲ့ ဆွေးနွေးပွဲတခုကိုပါ တက်ရောက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘရူနိုင်းနိုင်ငံမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ် ယူဆွတ် အပါအဝင် တခြား အစိုးရထိပ်တန်းအကြီးအကဲတာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ချောလက်ဟာ ခုသီတင်းပတ်အတွင်း အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ရှားမန်းနဲ့အတူ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံတွေ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ အရေးကိစ္စဆိုင်ရာ ဆက်ဆံရေးတွေအပြင် အာဆီယံအသိုင်းအဝိုင်းတခုလုံးနဲ့ သက်ဆိုင်နေတဲ့ ဆက်ဆံ ရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ အလေးအနက်ထားမှုတွေကို အသားပေး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီး အထူးအစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ မေ ၁၂ ရက်ကနေ ၁၃ ရက်အထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးအပြီး အချက် ၂၇ ချက်ပါ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီကြေညာချက်မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး လက်ရှိ မြန်မာပြည်အကျပ်အတည်း အခြေအနေအပေါ်မှာလည်း အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ဒီအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကတဆင့် ကြိုးပမ်းနေမှုအပေါ်မှာ ထောက်ခံအားပေးကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ နိုင်ငံခြားသားတွေ အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။
အမေရိကန်အစိုးရက ဒီအထူးထိပ်သီးအစည်းအဝေးမှာ မြန်မာပြည်က အာဏာသိမ်း စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုခဲ့သလို တခြားဆက်စပ်အစည်းအဝေးတွေတက်ရောက်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုလည်း တက်ရောက်ခွင့်မပြုခဲ့ပါဘူး။
ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ ဝါရှင်တန်မှာ တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကတော့ ဒီအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။