စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အရာတော်လမ်းမှာ ဇွန်လ ၅ ရက်မနက်က အလယ်တန်း ကျောင်းအုပ်ဆရာမတယောက် ပစ်သတ်ခံရတယ်လို့ မျက်မြင်ဒေသခံက ပြောပါတယ်ပါတယ်။
“ မနက် ၁၁ နာရီလောက်မှာ မုံရွာ-အရာတော် သွားတဲ့လမ်းက ရွာတုံလမ်းခွဲထိပ်မှာ ပစ်ခံရတယ်။ ဆရာမက သူ တာဝန်ကျကျောင်းကို ဆိုင်ကယ်နဲ့သွားတယ်။ ဆရာမ နောက်ကနေ ဆိုင်ကယ်တစ်စီးက လိုက်ပစ်ခတ်လို့ ဆရာမ အဲဒီနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
သေနတ်ပစ်ခံရသူ အသက် ၄၄ နှစ်အရွယ် ဆရာမဒေါ်စိုးမြတ်အေးဟာ မုံရွာမြို့ မြို့သစ်ရပ်ကွက်မှာ နေထိုင်ပြီး မုံရွာမြို့နယ် စည်သာကျေးရွာ အလယ်တန်းကျောင်းခွဲမှာ တာဝန်ကျနေသူ ဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမြတ်အေးကို ဘယ်အဖွဲ့အစည်းက ပစ်သတ်တယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်စိုးမြတ်အေးဟာ ရင်ညွန့်ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်းထိုးသွင်းဒဏ်ရာ တစ်ချက်နဲ့သေဆုံးခဲ့တာဖြစ်ပြီး PDF အဖွဲ့က လက်နက်ငယ်နဲ့ ပစ်ခတ်သတ်ခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သက်သေအထောက်အထားမရှိဘဲ စွပ်စွဲ ထုတ်ပြန်ထားပါတယ်။