စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထန်းလုံးကာပြောက်ကျား PDF အဖွဲ့က ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေသွားလာနေတဲ့လမ်းကို အဲဒီစစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့တားဆီးထားရာက ခရီးသွားပြည်သူတချို့က ပြန်လည်ဖွင့်လှစ်ခဲ့တာကြောင့် သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တိုက်ခိုက်ခံရတာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်ကျဆုံးခဲ့တယ်ဆိုပေမဲ့ သေဆုံးဒဏ်ရာရသူစာရင်း အတိအကျမသိရသေးပါဘူး။
ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြည်သူတွေသွားလာရေးအဆင်မပြေအောင် ပြုလုပ်နေတာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာလို့ ဒေသခံ PDF ခေါင်းဆောင်ကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ မုံရွာ-ယာကြီး ကလေးဝလမ်းပိုင်းပေါ်မှ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကို နည်းမျိုးစုံနှောက်ယှက်တာ၊ ငွေကြေးတောင်းခံတာတွေ ပြုလုပ်လို့ ခရီးသွားပြည်သူတွေက သူတို့ရှိတဲ့နေရာကို ရှောင်ကွင်းသွားလာနေကြရတာဖြစ်ပါတယ်။
အဲဒီရှောင်ကွင်းလမ်းတွေမှာပါ ခရီးသွားပြည်သူတွေ သွားလာလို့မရအောင် စစ်ကောင်စီတပ်ဖွဲ့က လုပ်ဆောင်နေတာကြောင့် ပဒေသာမိုင်း ၁၅ လုံးဆင်ကာ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ၃၀ လောက်နဲ့ ဘန့်ဘွေးရွာမဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ခရီးသွားပြည်သူတချို့ ပြန်ဖွင့်ခဲ့တဲ့လမ်းပိုင်းကို လာရောက်စဥ် စစ်ကြောင်း ၂ ခုဟာ အသင့်ဆင်ထားတဲ့မိုင်းကွင်းထဲကို ဝင်ရောက်လာခဲ့တာကြောင့် ထိထိမိမိမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်တဲ့ PDF ရဲ ဘော်တဦးက ပြောပါတယ်။
“မိုင်း ၁၄ လုံးပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်း ထိခိုက်ကျဆုံးခဲ့တယ်၊ မိုင်းထိမှန်ခဲ့တဲ့ စစ်ကြောင်း နှစ်ခုစလုံး ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိတော့ပဲ လဲကျသွားခဲ့ပြီး ကျန်ရှိတဲ့ စစ်ကြောင်း ၁ ခုက လက်နက်တွေနဲ့ ရမ်းသန်း ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ PDF အဖွဲ့ဘက်က အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်။”
အခုလို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်းကို တပ်စွဲနေထိုင်လာတာ ၃ လဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။
တပ်စွဲနေထိုင်စဥ်အတွင်းမှာလည်း အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေ ယူဆောင်တာ၊ နေအိမ်အဆောက်အဦးတွေ မီးရှို့ခြင်းတာတွေနဲ့ လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကိုလည်း ငွေကြေးတောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။