ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးသွားတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ ဇွန်လ ၅ ရက် မွန်းလွဲ ၁ နာရီကနေ ၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး သေဆုံးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ကရင်နီ(ကယား) ပြည်နယ် ဖရူဆိုမြိုနယ်မှလည်း မေ ၃၀ ကနေ ဇွန် ၂ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ယာဉ်တချို့ ပျက်စီးခဲ့သလို တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
မေ ၃၀ ကနေ ဇွန် ၂ ရက်နေ့အထိ ဖရူဆိုမြို့ယ် နန်းဖဲနဲ့ ထားလဲကျေးရွာအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး နန်းဖဲကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီကား ၁ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇွန် ၁ နဲ့ ၂ ရက်နေ့တွေမှာ ထားနလဲနီးက စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တို့က တိုက်လိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ဦးကျဆုံးပြီး အများအပြား ထိခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။
ဇွန်လ ၂ ရက်ထိ တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၂ စီး၊ လက်နက်ငယ် ၄ လက်၊ ဒရုန်းဖျက်လက်နက် Anti- Drone Jammer ၁ လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည် တချို့နဲ့ မြေမြှုပ်မိုင်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြပါတယ်။
အထိနာတဲ့ စစ်ကောင်စီတပ်ဟာ အဆိုပါနေ့က ထားလဲနဲ့ နန်းဖဲတို့ကို လေကြောင်းပစ်ကူနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၃ ရက်နေ့မှာတော့ ဖရူဆိုမြို့နယ် တနောကလော ကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ မော်တော်ယာဥ် ၃ စီး ထပ်မံမီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။
ကရင်နီပြည်မှာ ပြီးခဲ့တဲ့ မေလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၀၇ ဦးကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။