မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကင်းတံတားကြီး ကျေးရွာမှာနေထိုင်တဲ့ လမ်းဆောက်လုပ်ရေး ဝန်ထမ်းတယောက် ဇွန် ၃ ရက်မနက်ပိုင်းက မန္တလေးမိုးကုတ်လမ်းမှာ ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။
ကင်းတံတားကြီးကျွေးရွာကနေ မန္တလေးဘက်ကိုထွက်တဲ့ လမ်းအောက်ဘက် ချိုင့်ထဲမှာ လည်ပင်းလှီးဒဏ်ရာနဲ့ ရင်ဘတ်ဓားထိုးခံရပြီး သေဆုံးနေတာကို မြင်ခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"ကားရပ်ထားတဲ့နားမှာ သွေးတွေ တွေ့လို့ သွေးရှိတဲ့ လမ်းအတိုင်း ဆင်းကြည့်တာ ဒဏ်ရာတွေနဲ့ သေနေတာကိုတွေ့ခဲ့ရတာ။ ကားက လမ်းမပေါ်မှာ ရပ်ထားတာ။ ကားပေါ်မှာလည်း သွေးတွေပဲ"လို့ အနီးအနားဒေသခံ တစ်ဦးက ပြောပါတယ်။
ကားပေါ်မှာ သတ်ခံရပြီးနောက် အလောင်းကို လမ်းအောက်ထဲ ဆွဲသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
မန္တလေး- မိုးကုတ်လမ်းပေါ်က ရေနီကျေးရွာမှာ လမ်းပြုပြင်နေတာ ကြာပြီဖြစ်ပြီး သတ်ခံရသူဟာ လမ်းဆောက်လုပ်ရေးက လမ်းဗိုလ်ဖြစ်တယ်လို့ သိရကာ ကင်းတံတားကြီးကျေးရွာမှာ အိမ်ငှားနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘာကြောင့်သတ်ခံရလဲဆိုတာ မသိရသလို ဘယ်သူက သတ်သွားတယ်ဆိုတာကိုလည်း မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။