ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ထောက်ခံပွဲအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တာချီလိတ်မှာ အလုပ် လာလုပ်နေတဲ့ ‘ဝ’ တိုင်းရင်းသားလူငယ် ၁ ဦးကို ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရသူ ၃၄ ဦးရှိပြီး စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အနီးနားတဝိုက်မသင်္ကာသူတွေကို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၂၀ ကျော်ရွယ် ‘ဝ’ တိုင်းရင်းသားလူငယ် အိုက်ဆိုင်မိုန်း အပါအဝင် သူအလုပ်လုပ်နေတဲ့အိမ်က အလုပ်သမား ၂ ယောက်နဲ့ သူ့အလုပ်ရှင်ပါ စုစုပေါင်း ၄ ဦး အဖမ်းခံရကြောင်း ၊ အိုက်ဆိုင်မိန်းကိုတော့ တာချီလိတ်ခရိုင်တရားရုံးက ဇွန် ၁ ရက်မှာ သေ ဒဏ်ချမှတ်လိုက်တာလို့ သူနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရဲတွေပြောတာတော့ သူဗုံးခွဲတာကို စီစီကင်မရာမှာတွေ့တယ်တဲ့။ နောက်ပြီးဗုံးကွဲတဲ့နေ့က သူပြန်သွားတဲ့ဖိုင်ကို လိုက်ကြည့်တာ သူအလုပ်လုပ်နေတဲ့အိမ်ထဲ ပြန်ဝင်သွားတာတွေ့တယ်။ အဲဒါကြောင့် အိမ်ရှင်ရော အိမ်ထဲကအလုပ်သမား ၂ ယောက်ပါ အဖမ်းခံရတယ်။ အကုန်လုံးအမျိုးသားတွေချည်းပါ။ အိုက်ဆိုင်မိန်းက ပန်ဆန်းကနေ တာချီလိတ်မှာ အလုပ်လာလုပ်တာ၊ သူ့ကြည့်ရတာ လူရိုးလူအေးလေးပါ။ မကောင်းတာလုပ်တဲ့ပုံ မပေါ်ဘူး။ သူများလုပ်ခိုင်းတာလားမသိဘူး။ သူကိုယ်တိုင်လည်း ကျူးလွန်တယ်လို့ ဝန်ခံထားတယ်တဲ့။”
သူ့ကိုသေဒဏ်အပြစ်ပေးလိုက်တယ်လို့သာ သိရပြီး သူဟာ ရွှေ့ပြောင်းအလုပ်သမားတယောက်သာဖြစ်လို့ သူ့ဘက်ကနေ လိုက်လံပြီး ရှေ့နေငှားပေးတာ၊ အယူခံဝင်ပေးတာတွေတော့ရှိမယ်မထင်ဘူးလို့ တာချီလိတ်ဒေသခံက ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး Progressive WA Youth Network လို့ခေါ်တဲ့ ‘ဝ’ လူငယ်အဖွဲ့ကတော့ ‘ဝ’ လူငယ် ဆိုင်မိန်းဟာ မတရားစွပ်စွဲဖမ်းဆီးခံရတာဖြစ်ပြီး တာချီလိတ်ခရိုင်တရားရုံးက ပေးတဲ့ သေဒဏ်ကို လုံးဝလက်မခံဘဲ အပြည့်အဝဆန့်ကျင်ကြောင်း ဇွန် ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းတာ ၁ နှစ်ပြည့်တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့က တာချီလိတ်မြို့မှာ တပ်မတော်ထောက်ခံပွဲချီတက်လာစဉ် မကာအိုခမ်းရပ်ကွက် မင်းလမ်းပေါ် ဗုံးပေါက်မှုကြောင့်ရော စစ်တပ်က ရမ်းပစ်ခတ်တဲ့အတွက်ကြောင့်ပါ လူ ၄ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ-ဗုံးပေါက်ကွဲစဉ်ရုပ်သံ