၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီနဲ့ အန်အယ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးဖို့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ရှုတ်ချလိုက်ပါတယ်။
သေဒဏ်ဟာ လူ့အသက်ကို အပြည့်အ၀ လေးစားရမယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကရှုမြင်ပါတယ်လို့သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက စတီဖင် ဒူဂျာရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့လိုပြီး၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားဖို့ လိုတယ်လို့ ပြောပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ပြောခွင့်ရှိသူကလည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးဖို့ ကြံစည်နေတာကို ချက်ခြင်း ဖျက်သိမ်းဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီကိစ္စမှာ ကြားဝင် ဟန့်တားဖို့ တောင်းဆိုလိုက်ပါတယ်။
လူ့အခွင့်အရေး စောင့်ကြည်ရေးအဖွဲ့ Human Rights Watch ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဖေးလ်ရော်ဘတ်ဆင်က ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်နှစ်ယောက်ကို သေဒဏ်ပေးဖို့ စစ်ကောင်စီက ဆုံးဖြတ်လိုက်တာဟာ ပြည်သူတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပိုပြိး ကြီးထွားစေလိမ့်မယ်။
ယမ်းပုံမီးကျ ဖြစ်လိမ့်မယ်။ အာဏာသိမ်း စစ်ကောင်စီဟာလည်း အာရှမှာ အဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပုံရိပ်ကို ခိုင်မာစေလိမ့်မယ်လို့ ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုလိုက်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ဇွန်လ ၃ ရက် ဒီကနေ့ မီဒီယာတွေကို ပြောပါတယ်။
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိတယ်ဆိုပြီး စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ခုံရုံးမှာ တရားစွဲကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ သေဒဏ်ချမှတ်တာဖြစ်ပါတယ်။