မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဇွန်လ ၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထီးလင်း-PDF (YRPA) တို့တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ကျေးရွာ ၂ ရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထီးလင်း-PDF ကနေ သိရပါတယ်။
ထီးလင်း-PDF တပ်ရင်း(၂)ရဲ့ ဒုတပ်ရင်းမှူး ဆရာပေါက်က “ထီးလင်းမြို့နယ် ရေမျက်နီရွာနားမှာ မနေ့က (ဇွန်၂ရက်) မနက် ၉နာရီကျော်လောက်က ကျောမြို့ ကပစ ဘက်ကနေ ထွက်လာတဲ့ တင့်ကားတွေအပါဝင် စစ်(...)ကား ၇၀ လောက်ကို ကျနော်တို့ တပ်ဖွဲ့က မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့တယ်”က ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျအတည်မပြုနိုင်သေးပါဘူး။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ယာဉ်တန်း ရပ်တန့်သွားပြီး ကား ၄ စီးကို တွဲကား တစ်စီးနဲ့ဆွဲသွားတာမြင်ရတယ်လို့ဆိုပါတယ်။
“တိုက်ပွဲအတွင်းမှာ အထိနာခဲ့စစ်(...)တွေဟာ ရေပုတ်ကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၁၁ လုံး ၊ စပါးကျီတွေ၊ လမ်းဘေးကတဲတွေနဲ့ စင်ဇယ်ကျေးရွာက နေအိမ် ၄ လုံးနဲ့ လမ်းဘေးမှာတွေ့တဲ့ ကျွဲတကောင်ကိုလည်း သေနတ်နဲ့ ပစ်သတ်သွားတယ်။ အဲဒီကျေးရွာ ၂ ရွာက ဒေသခံ ပြည်သူ ၁၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာတောထဲတွေနဲ့ ဆွေမျိုးတွေရှိတဲ့ ကျေးရွာဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်”လို့ ထီးလင်း-PDF တပ်ရင်း(၂)ရဲ့ ဒုတပ်ရင်းမှူး ဆရာပေါက်က ပြောပါတယ်။
ထီးလင်းမြို့နယ် ရေမျက်နီရဲစခန်းကို မေလ= ၂၀ ရက် ညနေပိုင်းမှာ ယောဒေသကာကွယ်ရေး တပ်ပေါင်းစု YRPA က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်ရှိခဲ့ ပါတယ်။
အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားပိုင်နေအိမ်တွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ UN OCHA Myanmar က ထုတ်ပြန်ထားပါတယ်။