မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၈၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၉၅၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၀,၉၀၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၁၀၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၃ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၃၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၆၁၇ ထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်ည ၁၁ နာရီလောက်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့မှာနေထိုင်တဲ့ NLD ပါတီဝင် စောသဖွီး (ခ) ဘင်လာဒင်ကို အကြမ်းဖက်စစ်အုပ်စုတပ်က ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ မေ ၃၀ ရက်မှာတော့ စောသဖွီး (ခ) ဘင်လာဒင် သေဆုံးသွားကြောင်းကို အကြမ်းဖက်စစ်အုပ်စုက မိသားစုကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ စောသဖွီး (ခ) ဘင်လာဒင်ဟာ တိမ်းရှောင်နေခဲ့တာ ကြာပြီဖြစ်ပြီး ဇနီးဖြစ်သူ အသည်းအသန်ဖြစ်တဲ့အတွက် ဇနီးဖြစ်သူရှိရာ နေအိမ်ကို ပြန်လာရာမှ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် မေ ၂၉ ရက်ညနေ ၃ နာရီဝန်းကျင်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က နန်းသိုင်းထွန်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် နေအိမ်မှာ ထမင်းချက်နေ တဲ့ မဇင်ဦးမှာ ကျည်ထိမှန်ကာ နေရာတင် ကျဆုံးသွားခဲ့ပြီး အသက် ၇ နှစ်အရွယ် သမီးဖြစ်သူမှာလည်း ပါးမှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။