ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ဘန့်ဖလုအုပ်စုရှိ တောထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်ဖြတ်ပြီးမြေမြှုပ်ခံထားရတဲ့ ထိုင်းအမျိုးသား ၁ ဦးအလောင်းကို တွေ့ရှိပြီးတဲ့နောက် အဲဒီနေရာ အနီးတဝိုက်ကို တာဝန်ရှိသူတွေက တောနင်းပြီး လူသတ်သမားကို ရှာဖွေရာမှာ ဇွန်လ ၁ ရက်ညက တရားမဝင်မြန်မာ ၁၉ ဦး နဲ့ ထိုင်းပွဲစား ၂ ဦးကို ဖမ်းဆီးမိပြီး စစ်ဆေးနေပါတယ်။
ဇွန်လ ၂ ရက်နေ့မှာလည်း အဆိုပါတောစပ်နားက ဘန့်ခလောင်းပွမ်ရွာထဲမှာ ယောင်လည် လည်နဲ့ ရောက်လာတဲ့ မသင်္ကာတဲ့ လူစိမ်း ၁ ယောက်ကိုလည်း ဖမ်းထားပါတယ်။
တာဝန်ရှိသူတွေက အဆိုပါတောအုပ်ကို ပိတ်ဆို့ပြီး တနေကုန်ဆက်လက်ရှာဖွေရာမှာ လူသေမြှုပ်ထားတဲ့နေရာနဲ့ မနီးမဝေးမှာ မြန်မာစာနဲ့ “ ဓားပြတိုက်သည်” လို့ ထွင်းထုထားတဲ့ သစ် တုံးကြီးတစ်တုံးကိုလည်း တွေ့ခဲ့ပါတယ်။
ဒါကြောင့် အဲဒီတောဟာ လူမှောင်ခိုတွေ ခိုအောင်းသွားလာလေ့ရှိတဲ့ နေရာဖြစ်သလို ဓားပြမှုတွေလည်း ရှိတဲ့အတွက် မြန်မာအချင်းချင်း သတိပေးတဲ့အနေနဲ့ သစ်တုံးမှာ စာထွင်းထုထားဟန်တူတယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။
ဒါ့အပြင် နောက်ထပ် ၆ ကီလိုမီတာခန့်အကွာမှာ ပွဲစားက လာပြီးစွန့်ပစ်ထားတယ်လို့ ယူဆရတဲ့ တရားမဝင်မြန်မာ အမျိုးသမီးရော အမျိုးသားပါ နောက်ထပ် ၄၈ ဦးကို ဖမ်းဆီး ရမိခဲ့ပါတယ်။
ဒါတင်မကသေးဘဲ တာဝန်ရှိသူတွေက ဘန့်ဖလုကျေးရွာအုပ်စုထဲမှာ ရှာဖွေစစ်ဆေးရေးတွေ ဆက်လက်လုပ်ဆောင်ရာမှာ ရပ်ကွက် ၈ တွင်းရှိ နေအိမ် ၂ လုံး အခန်းပေါင်း ၁၂ ခန်းမှာ ပုန်းအောင်းခိုလှုံနေတဲ့ နောက်ထပ် မြန်မာအလုပ်သမားစုစုပေါင်း ၁၀၉ ဦးကို တွေ့ရှိတယ်လို့ ဆိုပါ တယ်။
သူတို့ထဲမှာ အလောင်းတွေ့တဲ့ တောထဲနေခဲ့ဖူးသူတွေလည်းပါလို့ အဆိုပါသူတွေကို ခွဲထုတ်ပြီး လူသတ်မှုနဲ့ ပတ်သက်မှုရှိမရှိ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အသတ်ခံရသူရဲ့ တယ်လီဖုံးမှာ ပျောက်ဆုံးနေတဲ့အတွက် ဖမ်းဆီးထားသူတွေရဲ့ တယ်လီဖုံးနဲ့ ဒီအန်အေတွေကို အဓိက စစ်ဆေးရှာဖွေနေတာဖြစ်ပါတယ်။
ဒီဒေသမှာ ၂ ရက်အတွင်း တရားမဝင် မြန်မာလုပ်သား ၁၇၇ ဦး အဖမ်းခံထားရပြီး သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ လာခေါ်မယ့်ပွဲစားကို စောင့်ဆိုင်းရင်း အဖမ်းခံကြရတာဖြစ်ပါတယ်။
အသတ်ခံရသူကတော့ အသက် ၄၀ ရွယ်ရှိ မက်ဒေါဘီဆန် ဆိုသူ လျှပ်စစ်ရုံး အလုပ်သမား ၁ ဦးဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၃၁ ရက် ညနေ ၃ နာရီကျော်လောက်က သူစီးသွားတဲ့ဆိုင်ကယ်နဲ့အတူ ပျောက်ဆုံးသွားခဲ့တာပါ။
ဇွန် ၁ ရက်မှာ သူ့ဆိုင်ကယ်ကို ဂေါက်ကွင်းအနီးက ရေကန်ထဲမှာတွေ့လို့ ကယ်ဆယ်ရေးအဖွဲ့က ရေထဲလိုက်ရှာခဲ့ကြပါသေးတယ်။ အဲဒီနောက် ဂေါက်ကွင်းအနောက်ဘက် တောစပ်မှာ မြေပုံတစ်ခုတွေ့လို့ တူးဖော်ကြည့်ရာက မက်ဒေါဘီဆန်ကို ခြေရောလက်ပါကြိုးတုပ်၊ တကိုယ်လုံး ရိုက်နှက်ခံထားရတဲ့ အလောင်းအနေနဲ့ပြန်တွေ့ခဲ့ပါတယ်။
ဘန့်ဖလုကျေးရွာအုပ်ချုပ်ရေးမှူးကတော့ မက်ဒေါဘီဆန်ဟာ လူကောင်းတယောက်ဖြစ်ပြီး ဘယ်သူနဲ့မှပြဿနာမရှိ ခိုက်ရန်ဖြစ်ပွါးတာလည်း မရှိကြောင်း ၊ သူဟာ တောထဲဖြတ်သွားရင်း တရားမဝင်ခိုးဝင်လာသူတွေနဲ့ တိုးမိလို့ နှုတ်ပိတ်တဲ့အနေနဲ့ အသတ်ခံလိုက်ရတာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။