Home
မြန်မာသတင်း
ဘန်ကောက် မြန်မာသံရုံးက ပတ်စ်ပို့ သက်တမ်းတိုးသူများထံမှ ဘဏ်အကောင့် နံပါတ်တောင်း
DVB
·
June 3, 2022
284093985_5070832376298373_7042912855558765886_n

ထိုင်းနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းလာတိုးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေကို တောင်းယူစစ်ဆေးပြီး ဘဏ်အကောင့်နံပါတ်တွေကိုပါ တောင်းယူမှတ်သားနေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေက ပြောပါတယ်။

ဘန်ကောက်မြို့ မြန်မာသံရုံးမှာ မေ ၂၆ ရက်က ပတ်စ်ပို့သက်တမ်းတိုး ကိုယ်တိုင်လုပ်ဆောင်ခဲ့သူ မြန်မာလုပ်သားတဦးက “ဘန်ကောက်ရုံးမှာ ပတ်စ်ပို့ သက်တမ်းတိုး သွားတာ။ ဖုန်းကို ယူကြည့်တယ်။ ဘဏ်အကောင့်နံပါတ်တွေ တောင်းတယ်။ မြန်မာပြည်မှာရှိတဲ့ အိမ်လိပ်စာတွေက အစမေးတယ်။ ဒီက မြန်မာလုပ်သားတွေ အများစုက အာဏာသိမ်းတာကို လက်မခံဘူး။ တော်လှန်ရေး အင်အားစုတွေကို ကူညီနေတယ်ဆိုပြီး အခုလိုလုပ်တာနေမယ်။ အကုန်လုံး ပိုပြီးတော့ သတိထားဖို့လိုမယ်” လို့ ပြောပါတယ်။

သူအပါအဝင် ပတ်စ်ပို့သက်တမ်းလာတိုးတဲ့ တခြားအလုပ်သမားတွေထံနေ သံရုံးတာဝန်ရှိသူတွေက အခုလို လက်ကိုင်ဖုန်းတွေ တောင်းယူစစ်ဆေးတာ၊ ဘဏ်အကောင့်နံပါတ်တွေနဲ့ အိမ်လိပ်စာတွေ ကို တောင်းယူခဲ့တာလို့လည်း ဘန်ကောက်ရောက် မြန်မာအလုပ်သမားကပြောပါတယ်။

ဒီလိုလုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမြန်မာသံရုံးမှာရှိတဲ့ တာဝန်ရှိသူတဦးကတော့ တိတိကျကျဖြေကြားဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်ခင်မာလာဝင်းက  “အားတောင်မအားဘူးနော်။  အခုက အစ်မတို့မှာ နေ့တိုင်း ၈၀၀ ကနေ ၉၀၀ အကြား စာအုပ်တွေ လုပ်ပေးနေရတာ။ အဲဒီလိုမေးတော့ရော ဘာဖြစ်လို့လဲ” လို့ ဖြေကြားခဲ့ပါတယ်။

အခုလိုတောင်းယူစစ်ဆေးတာဟာ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့မှုတွေ မလုပ်နိုင်အောင် လုပ်ဆောင်တာလားလို့ ဆက်လက်မေးမြန်းရာမှာတော့ မဟုတ်ပါဘူးလို့ ဒေါ်ခင်မာလာဝင်းက တုံ့ပြန်ငြင်းဆိုခဲ့ပါတယ်။

နွေဦးတော်လှန်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ ကူညီပံ့ပိုးမှုဟာ အရေးပါတဲ့ ကဏ္ဍတခုမှာရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြဝတီ-မဲဆောက် အမှတ်-၂ တံတားကနေ ပြန်လာတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဖုန်းတွေကို စစ်ဆေးနေပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ အလုပ်သမားတချို့ကို ဖမ်းဆီးတဲ့သတင်းတွေလည်းထွက်နေပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို မေ ၁၀ ရက်ကနေ ၂၇ ရက်အထိ  MOU သဘောတူညီချက်နဲ့  အလုပ်သား ၁,၈၆၀ ဦး နှစ်နိုင်ငံ နယ်စပ်ဂိတ်ကနေ တရားဝင်သွားရောက်ခဲ့ပြီး ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုတွေကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော် သွားရောက်သူတွေလည်း ပိုမိုများပြားလာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024