ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း ပျူစောထီးတွေနဲ့ စစ်ကောင်စီ သတင်းပေးတွေက လောင်းကစားဝိုင်းတွေ ပြုလုပ်ပြီး ဆက်ကြေးကောက်ခံနေတာကြောင့် လောင်းကစားဝိုင်းတွေကို ဖျက်သိမ်းကြဖို့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ဇွန် ၂ ရက်နေ့မှာ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။
ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက "ရွာငံမှာ အာဏာသိမ်းပြီးနောက် လောက်ကစားဝိုင်းတွေ များသထက် များလာပါတယ်။ ဂျင်ဝိုင်းတို့ ဂုန်းကင်းတို့ အစုံပါပဲ။ ဒိုင်တွေက အများအားဖြင့် စစ်ကောင်စီသတင်းပေးတွေနဲ့ ပျူစောထီးတွေ များပါတယ်။ စစ်တပ်နဲ့ နီးစပ်ပတ်သက်တဲ့သူတွေက ဦးစီးပြီးလုပ်နေတာ။ သူတို့လုပ်ရပ်ကြောင့် လူငယ်တွေရဲ့ အကျင့်စာရိတ္တ ပျက်စီးစေပါတယ်။ ပြီးတော့ စစ်ကောင်စီကို ဆက်ကြေးပေးနေတဲ့အတွက် စာထုတ်အသိပေးလိုက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လောင်းကစားဝိုင်းပြုလုပ်နေတဲ့ဒိုင်တွေ၊ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ အသိပေး ကြေညာချက်ကို လိုက်နာဆောင်ရွက်မှုမရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကောင်းမှုမှန်သမျှ အကုန်လုံးကို တိုက်ထုတ်ရမှာဖြစ်တယ်လို့ ရွာငံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။