ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ အနီးရှိ ကဏန်းကျရေတံခွန်ရဲ့ အလှတရားတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် ပြည်တွင်းခရီးသွားတွေ လာရောက်လည်ပတ်သူ များလာလို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရွာငံဒေသခံတဦးက “ပိတ်ရက်ဆိုရင်တော့ လူက ပိုများတာပေါ့။ အရင်တုန်းကတော့ ဒေသခံလောက်ရယ်၊ ရှမ်းတောင်တဝိုက်က လူနည်းနည်းပါးပါးလောက်ပဲ သိတာတော့ရှိတယ်။ အခုနောက်ပိုင်းမှာ တခြားမြို့နယ်ကလူတွေကျတော့လည်း သဘာဝအရသာလေးဆိုတော့ လာလည်ကြတာ။ မွန်းကြပ်နေကြတဲ့အတွက် အပန်းဖြေခရီးကတော့ လူတိုင်းမှာ ခံစားခွင့်ရှိတယ်။ အဓိကကတော့ အစားအသောက်တွေယူလာရင် စနစ်တကျပစ်ခဲ့ဖို့၊ ကိုယ်သယ်သွားနိုင်တဲ့ အမှိုက်လေးတွေဆိုရင်လည်း ပြန်ယူသွားကြဖို့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။
အခုလို သဘာဝပတ်ဝန်းကျင် စိမ်းစိုလှပတဲ့ နေရာတွေကို လာရောက်လည်ပတ်တဲ့သူတွေ များလာတာနဲ့အမျှ အစားအသောက်တွေ၊ အမှိုက်တွေကို စည်းကမ်းမဲ့ ပစ်ခဲ့မှုတို့ကြောင့် သဘာဝပတ်ဝန်းကျင်မှာ ထိခိုက်နစ်နာမှုတွေ ရှိလာတယ်လို့ သစ်ပင်ချစ်သူများ(တောင်ကြီး) အဖွဲ့က ဆိုပါတယ်။
“တခြားနိုင်ငံတွေမှာ ဒီလို သဘာဝကို ခံစားကြည့်ရှုဖို့ အခကြေးငွေ ပေးရပါတယ်။ တန်ကြေးတခုပေးမှ ခံစားလို့ရတယ်၊ ကြည့်ရှုလို့ရတယ်ပေါ့။ သူတို့နိုင်ငံရဲ့ စီးပွားရေးနဲ့ ထိန်းသိမ်းမှုအပိုင်း မြင်ရတယ်။ မြန်မာနိုင်ငံမှာတော့ တောထဲက သဘာဝတွေအထိ လိုက်ထိန်းသိမ်းနိုင်တဲ့အင်အား မရှိပါဘူး။ လူတိုင်းက ကိုယ့်အသိစိတ်နဲ့ပဲ ထိန်းသိမ်းမှရမှာပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အသိပညာ နည်းခဲ့တယ်လို့ပဲ ကျမတို့ကတော့ ယူဆပါတယ်။”
ကဏန်းကျရေတံခွန်ကို ပြည်တွင်းခရီးသွားလုပ်ငန်းတွေက ဧည့်သည်တွေရော ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရောက်လည်ပတ်သူတွေပါ တနေ့တခြား ပိုမိုများပြားလာတာ ဖြစ်ပါတယ်။