စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာအုပ်စုမှာ ဇွန် ၂ ရက် မနက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်ကောင်စီတပ်တွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့မနက်ခင်းပိုင်းက မုံရွာနမခတပ်ကနေ လက်နက်အင်အား၊ လူအင်အားဖြည့်တင်းခဲ့ပြီး တဇယ်ချောင်ရွာအနီးက PDF တွေကို တိုက်ခိုက်ခဲ့တာလို့ မျက်မြင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျောက်လုံးကြီးအဖွဲ့ရဲ့ခေါင်းဆောင်က “သူတို့ ဒရုန်းတစီးကို ၈၀ မမလိုခေါ်တဲ့ ဒုံးနှစ်လုံးချိတ်ပြီး သူတို့ထင်တဲ့ နေရာတွေကို ပတ်ပြီးချတယ်။ ဒရုန်းကလည်း အမြင်ကပျံတာဆိုတော့ ပစ်ချဖို့ရာ လက်နက်မရှိတော့ အလူးအလဲကို ခံရတယ်။ ဒီနေ့ တရက်ထဲနဲ့ အဲလို စစ်ကောင်စီတပ်က ပစ်ချတာတွေရှိလို့ ပြည်သူကာကွယ်ရေး အဖွဲ့ဝင် တဦး သေဆုံးတယ်၊ လေးဦးလောက် မစိုးရိမ်ရဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ညနေပိုင်းမှာလည်း ကနီမြို့နယ် ကနဲရွာကနေ စိန်ကုန်းရွာဘက်ကို စစ်ကြောင်းထိုးတာတွေ ဆက်လက်ပြုလုပ်ခဲ့ကာ အဲဒီစိန်ကုန်းကျေးရွာနဲ့ ကပ်နေတဲ့ ကျွန်းဖျားကျေးရွာကို ညနေ ၄ နာရီခွဲလောက်မှာ မီးရှို့သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။