ကိုဖိုးကျော်တယောက် ရနောင်းဆိုတဲ့ ပင်လယ်ကမ်းခြေမြို့လေးက သင်္ဘောသစ်ပေါ်မှာ အလုပ်သွားလုပ်ဖို့ ပြီးခဲ့တဲ့လက ထွက်လာခဲ့တယ်ဆိုရင်ပဲ ဇနီးနဲ့ ညီမဝမ်းကွဲဖြစ်သူတို့က သူ့လို ထိုင်းနိုင်ငံမှာ လှေလုပ်သက် ၁၀ နှစ်အထက်ရှိပြီးသားသူကို သတိထားဖို့ မှာလိုက်ခဲ့ကြပါသေးတယ်။
ဒီလိုနဲ့ သင်္ဘောလိုက်ပြီး တရက်အကြာမှာပဲ ကိုဖိုးကျော်တယောက် သင်္ဘောငါးမန်းတောင် (ပန်ကာ) ကို စစ်ဆေးဖို့သွားရင်း ပင်လယ်ထဲမှာပဲ သေဆုံးသွားခဲ့ပါတယ်။
“ကျမက သူအိမ်ကထွက်သွားတော့ စိုးရိမ်နေခဲ့သေးတာ” လို့ အမည်မဖော်ပြလိုသူ ညီမဝမ်းကွဲက Al Jazeera ကို ပြောပါတယ်။ “ကျမ သူ့ကိုပြောတယ်၊ နင် ရေအောက်ထဲသွားမယ်ဆို သေချာဂရုစိုက်လို့။ နင် ဒါကို အရင်ကလုပ်ဖူးသလို အေးအေးဆေးဆေး လုပ်နိုင်မှာပဲပေ့ါ။”
ကိုဖိုးကျော်ရဲ့ မိသားစုတွေကတော့ မုဆိုးမဖြစ်သူ ဇနီးနဲ့ ကျန်ခဲ့တဲ့ ကလေးငါးယောက်အတွက် အကူအညီဖြစ်စေမယ့် ထိုင်းနိုင်ငံရဲ့ လူမှုဖူလုံရေး လျော်ကြေးငွေရပိုင်ခွင့် တောင်းခံဖို့ စစချင်း သတိမထားမိခဲ့ကြပါဘူး။ မိသားစုကို လျော်ကြေးငွေတောင်းခံဖို့ အကြိမ်ကြိမ် စည်းရုံးပြီးတဲ့နောက်မှာတော့ ဒေသခံ ငါးလုပ်ငန်းအရေး တက်ကြွလှုပ်ရှားသူတယောက်က သူတို့အတွက် အချက်အလက် ပိုမိုရရှိဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။
ကိုဖိုးကျော်ရဲ့အမှုကိစ္စနဲ့ သူ့မိသားစုအနေနဲ့ ရပိုင်ခွင့်တွေနဲ့ အကျွမ်းတဝင် ရှိမနေတာက သီးခြားဖြစ်ရပ်တွေ မဟုတ်ခဲ့ပါဘူး။
မဟီဒေါလ်တက္ကသိုလ်ရဲ့ ၂၀၂၀ ပြည့်နှစ် လေ့လာမှုအရ ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ငါးဖမ်းခြင်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ၈၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်ကြသလို မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးလာသူ အရေအတွက်ကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုလို့ အရှိန်မြင့်လာခဲ့ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြုစုထားတဲ့ အချက်အလက်တွေအရ အဲဒီအလုပ်သမားတွေရဲ့ ထုတ်လုပ်မှုက နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိနေကြောင်း တင်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ အမြတ်အစွန်းများတဲ့ ပင်လယ်စာလုပ်ငန်းတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အဓိကပါဝင်နေပေမဲ့ အဲဒီအလုပ်သမားတွေအနေနဲ့ မကြာခဏဆိုသလို ခေါင်းပုံဖြတ်ခံရတာ၊ လုပ်ငန်းခွင်တွေမှာ ကိုယ်စားပြုမှုနည်းတာ ဒါမှမဟုတ် လုံးဝမရှိတာတွေ ရှိနေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ၁၉၇၅ ခုနှစ် အလုပ်သမားဆက်ဆံရေးဥပဒေအရ သူတို့ရဲ့ နိုင်ငံသားတွေ (ထိုင်းအလုပ်သမားတွေကသာ) အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ ဒါမှမဟုတ် ဦးဆောင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အသစ်ရောက်ရှိလာတဲ့ အလုပ်သမားအများစုမှာ တရားဝင်စာရွက်စာတမ်း မရှိတာကြောင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ အလျင်အမြန် တိုးပွားနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
မကြာသေးခင်ကမှ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ တရားမဝင် ဖြတ်သန်းဝင်ရောက်လာတဲ့ မမြတ်သီတာက ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်ရှိ ဖိနပ်စက်ရုံက သူ့ရဲ့ အရင်အလုပ်ရှင်ဖြစ်သူဆိုရင် မြန်မာအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေထက် ပိုပြီး ခွဲခြားဆက်ဆံတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ပြောပြချက်အရ အပူရှိန်မြင့်တဲ့ စက်ယန္တရားတွေ ကိုင်တွယ်အသုံးပြုရင်း လုပ်သားတွေအနေနဲ့ မကြာခဏ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် သူတို့ရဲ့ အထက်အရာရှိတွေကို သတင်းပို့တဲ့အခါ အလုပ်ထုတ်ခံရတာတွေပါ ရှိနေခဲ့တာပါ။
မြတ်သီတာလိုမျိုး တခြား အထောက်အထားမဲ့ အလုပ်သမားတွေရဲ့ တရက်လုပ်ခ ထိုင်းငွေ ဘတ် ၂၀၀ (၅ ဒသမ ၈၆ ဒေါ်လာ) ဆိုတာ တခြား အထောက်အထားပြည့်စုံတဲ့ လုပ်သားတွေရဲ့ ထက်ဝက်လုပ်ခလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။
“စက်ရုံကတော့ ကိုယ်က တရားမဝင်လုပ်သားဆိုရင် တရားမဝင်တဲ့ လုပ်ခကြေးငွေပဲ ရသင့်တယ်လို့ ထင်မှာပေါ့” လို့ မမြတ်သီတာ (အမည်လွှဲ) က Al Jazeera ကို ပြောပါတယ်။
“ကျမတို့လုပ်ရတဲ့အလုပ်က အတူတူပဲဆိုပေမဲ့ ကျမတို့လုပ်ခကတော့ အတူတူမရကြပါဘူး။”
လက်ရှိမှာ အလုပ်သစ်ရှာနေတဲ့ မြတ်သီတာကတော့ အကူအညီလိုအပ်နေတဲ့ အလုပ်သမားတွေကို အစားအသောက်၊ နေရာနဲ့ ပညာထောက်ပံ့မှုတွေပေးနေတဲ့ မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမားများအဖွဲ့ (AWO) ရဲ့ အကူအညီကို ရယူနေသူပါ။
လုပ်ငန်းခွင်မှာ အငြင်းပွားဖွယ်ရာ အလုပ်ထုတ်ပယ်မှုတွေ၊ ညံ့ဖျင်းတဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးစနစ်တွေ ရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂,၀၀၀ လောက်ကို ထောက်ပံ့ပေးနေတဲ့ AWO လိုမျိုး အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံရဲ့ တရားဝင် မီးခိုးရောင်ဧရိယာတွင်းမှာ တည်ရှိနေပါတယ်။
ထိုင်းနိုင်ငံက ILO သဘောတူညီချက် အပုဒ် ၈၇ ဒါမှမဟုတ် ၉၈ ကို လက်မှတ်ရေးထိုးခြင်းမပြုတဲ့ အာဆီယံနိုင်ငံ သုံးနိုင်ငံအနက် တနိုင်ငံဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို စုစည်းခွင့်၊ စုပေါင်းညှိနှိုင်းပိုင်ခွင့် ပေးထားတဲ့နိုင်ငံ ဖြစ်ပါတယ်။
ထိုင်းအစိုးရကတော့ “အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု” ကို ကိုးကားပြီး မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှုအပေါ် သူ့ရဲ့ ဆန့်ကျင်ဘက် အမြင်ကို ရှင်းချက်ထုတ်ထားပါတယ်။ အဲဒီအပေါ် Al Jazeera ရဲ့ မေးမြန်းချက်ကိုတော့ ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနက ဖြေကြားထားခြင်း မရှိခဲ့ပါဘူး။
“ကျနော့်အမြင်ကတော့ ကျနော်တို့က သမဂ္ဂတခုပါပဲ။ သမဂ္ဂဖွဲ့စည်းခွင့်မရှိဘူး ဆိုပေမဲ့လည်း ကျနော်တို့ကတော့ သမဂ္ဂရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာလုပ်ဆောင်နေတာပါ”လို့ AWO တည်ထောင်သူတဦးဖြစ်တဲ့ နိုင်အောင်အောင်က Al Jazeera ကို ပြောပါတယ်။
အလုပ်သမားတွေကြား ဆန္ဒပြမှုတွေ၊ အားပေးမှုတွေကြောင့် သူ့အဖွဲ့ကို စက်ရုံပိုင်ရှင်တွေက “မာဖီးယားဂိုဏ်း” လို့ ခေါ်ဝေါ်ကြတယ်လို့ နိုင်အောင်အောင်က ဆိုပါတယ်။
AWO က သင်တန်းနဲ့ ပညာပေးထားတဲ့ အလုပ်သမားတွေရှိတဲ့ စက်ရုံတွေမှာဆိုရင် အလုပ်သမားတွေက သူတို့နစ်နာချက်တွေကို အထက်လူကြီးတွေဆီ တိုက်ရိုက်အကြောင်းကြားကာ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာကြောင့် တခါတရံ အနီးအနားရှိ တခြားအလုပ်ခွင်တွေက အလုပ်သမားတွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ကြပါတယ်။
တင်းမာသော အငြင်းပွားမှုများ
နိုင်အောင်အောင် အဆိုအရ အငြင်းပွားမှုတွေကနေ တင်းမာမှုတွေ ဖြစ်လာစေပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်လောက်က အရပ်ဘက်အဖွဲ့အစည်းတခုကို အစားအသောက်တင်ပို့တဲ့ TG Group ကို ကွင်းဆင်းသွားရောက်ရင်းနဲ့ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဆိုလာပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးအဖွဲ့အစည်းများရဲ့ ညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ ပင်လယ်စာလုပ်ငန်းအဖွဲ့ SWG က မှတ်တမ်းတင်ခဲ့တဲ့ အဲဒီဖြစ်ရပ်မှာ စက်ရုံပိုင်ရှင်နဲ့ ဆက်စပ်နေတဲ့ စစ်ဘက်အရာရှိဟောင်းတဦးက လေထဲကို သေနတ်နဲ့ ပစ်ဖောက်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က နိုင်အောင်အောင်ရဲ့ ရုံးခန်းကိုလည်း ရဲနဲ့ စစ်သားတွေ အကြိမ်ကြိမ် လာရောက်ခဲ့သလို သူတို့ကို မဲဆောက်ကနေ ထွက်သွားဖို့ ပထမအကြိမ် သတိပေးခဲ့ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ ဆိုလာပါတယ်။
“ကျနော်တို့ အလုပ်သမားတွေဆီကနေ အသင်းဝင်ကြေးကောက်ဖို့ စဉ်းစားနေပေမဲ့ တကယ်မလုပ်ရသေးပါဘူး” လို့ နိုင်အောင်အောင်က ဆိုပါတယ်။ “ကျနော်တို့ တခြား မြန်မာအလုပ်သမားသမဂ္ဂတွေ၊ ထိုင်းအလုပ်သမားသမဂ္ဂတွေနဲ့ တွေ့ခဲ့သလို တယောက်နဲ့တယောက် အမြင်တွေဖလှယ်ပြီး တယောက်ဆီကနေ တယောက် သင်ယူကြပါတယ်။”
တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေကိုယ်စား တရားဥပဒေအရ တိုက်ပွဲဝင်ပေးနိုင်တဲ့အချိန်မှာ တခြားကဏ္ဍက သီးခြားစီရှိနေတဲ့ အလုပ်သမားတွေကလည်း တရားဝင်ခွင့်ပြုချက်မရှိတဲ့ အောက်ခြေအလုပ်သမားအဖွဲ့အစည်းတွေကို မရှိမဖြစ် အားကိုးနေကြရသေးတယ်လို့ ဆိုပါတယ်။
ရနောင်းမြို့ တံငါသည်များအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌလည်းဖြစ် ဖိုးကျော်မိသားစုအတွက် အဆက်အသွယ်ကောင်းဖြစ်ခဲ့သူ ကိုရဲသွေးကတော့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ လူကုန်ကူးခြင်းနဲ့ “ကျွန်” အခြေအနေတွေက တံငါလုပ်ငန်းကို အနှောင့်အယှက် ဖြစ်နေဆဲဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့သူဌေးတွေကို တိုက်ရိုက်ညှိနှိုင်းလုပ်ကိုင်ဖို့ အခြေအနေတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က သမဂ္ဂဆိုရင် ပြဿနာကို ဖြေရှင်းနိုင်မှ ကျနော်တို့ကိစ္စကိုလည်း ဖြေရှင်းနိုင်မှာပါ” လို့ အစားအသောက် မလုံလောက်ခြင်း၊ အလွဲသုံးစားလုပ်ခြင်းနဲ့ ညံ့ဖျင်းတဲ့ လုံခြုံရေးအပေါ် စိုးရိမ်ရခြင်းတွေက အဖြစ်များတဲ့ ပြဿနာတွေလို့ ပြောပြရင်း ဆိုလိုက်ပါတယ်။
“အန်ဂျီအိုတွေကတော့ အကူအညီပေးတယ်ဆိုပေမဲ့ အဲဒါက တကြိမ်တခါအတွက်ပဲ အကူအညီဖြစ်မှာ။ ဒါပေမဲ့ ကျနော်တို့ရဲ့ သမဂ္ဂတွေကနေတဆင့် တရားမျှတမှုကို ကိုယ်တိုင် အနိုင်ယူနိုင်ပါတယ်” လို့ ပြောပါတယ်။
မဲဆောက်မြို့က သက်တမ်းအရှည်ဆုံးနဲ့ အကြီးဆုံး သီးခြားအလုပ်သမားအဖွဲ့ဖြစ်တဲ့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ (YCOWA) ရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ကိုမိုးကျော်က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ခေါင်းပုံဖြတ်ခံရမှုတွေ စိုးရိမ်စရာကောင်းလောက်အောင် မကြာခဏဆိုသလို ဖြစ်လာခဲ့ပြီး အထောက်အထားမဲ့ အလုပ်သမားအများစုက အနိမ့်ဆုံးလုပ်ခလစာထက် နည်းတဲ့ လုပ်ခလစာကို ရရှိနေသလို ဖမ်းဆီးခံရမှာ ဒါမှမဟုတ် နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေရတာကြောင့် တိုင်ကြားဖို့ ဝန်လေးနေကြတယ်လို့ ဆိုပါတယ်။
မဲဆောက်၊ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက အလုပ်သမားတွေနဲ့ ချိတ်ဆက်ပြီး ထောင်နဲ့ချီတဲ့ ကွန်ရက်တွေကို ဖန်တီးပေးနေတဲ့ YCOWA အနေနဲ့ အလုပ်သမားအများအပြားကို အလုပ်သမားဥပဒေနဲ့ ပတ်သက်ပြီး ပညာပေးခဲ့ပါတယ်။
ကိုမိုးကျော်ရဲ့ အဖွဲ့အစည်းအနေနဲ့ လက်ရှိမှာ မြန်မာအလုပ်သမားတွေ ဦးဆောင်နိုင်ပြီး အလုပ်သမား အခွင့်အရေးတွေ ပံ့ပိုးပေးနိုင်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖြစ်လာစေမယ့် နည်းလမ်းတခုဖြစ်တဲ့ “ထိုင်း-မြန်မာ ပူးပေါင်းအလုပ်သမားသမဂ္ဂ”လိုအဖွဲ့တွေ ဖွဲ့စည်းဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
“အဲဒါ တရားဝင်ဖြစ်သွားပြီဆိုရင် အလုပ်သမားတွေအတွက်ရော ကျနော်တို့ အလုပ်သမားသမဂ္ဂတွေအတွက်ရော ကောင်းတာပေါ့” လို့ လက်သီးဆုပ်ကို မြှောက်ထားတဲ့ တံဆိပ်ပါ တီရှပ်ဝတ်ထားတဲ့ အဖြူရောင်ဆံပင်ရှည်နဲ့ ကိုမိုးကျော်က Al Jazeera ကို ဆိုပါတယ်။ “ဒါပေမဲ့ ဒီလို တရားဝင်သမဂ္ဂ တည်ထောင်ဖို့ဆိုတာ ထိုင်းနိုင်ငံရဲ့ ဥပဒေ ပြင်ဆင်ပြောင်းလဲမှရမှာ” လို့လည်း ပြောပါတယ်။
အလုပ်သမားသမဂ္ဂဖွဲ့စည်းမှုအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာထက် ထိုင်းနိုင်ငံအနေနဲ့ ဖွဲ့စည်းထားတဲ့ အလုပ်သမားတွေအဖွဲ့အစည်းတွေအပေါ် ထိန်းချုပ်မှု နှစ်ဆတိုးလာပုံ တွေ့ရပါတယ်။
ထိုင်းအစိုးရအဖွဲ့က ထုတ်ဖော်ပြသခဲ့တဲ့ ၂၀၂၁ ခုနှစ် အစောပိုင်း ဥပဒေမူကြမ်းအရ NGO တွေ အနေနဲ့ လူမှုရေးအနှောင့်အယှက်တွေ ရှောင်ရှားရမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အမျိုးသားရေး၊ စီးပွားလုံခြုံရေး ဒါမှမဟုတ် နိုင်ငံတကာဆက်ဆံရေးကို ခြိမ်းခြောက်မှုမဖြစ်စေဖို့ ပြဋ္ဌာန်း ထားပါတယ်။ အထူးသဖြင့် ဇဝေဇဝါဖြစ်စေတဲ့ ပုဒ်မ ၁၉ ပါ ‘ပြည်နယ်အာဏာပိုင်တွေက လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ကြားဝင်စွက်ဖက်နိုင်တယ်’ ဆိုတဲ့ အသုံးအနှုန်းက ထိုင်းနိုင်ငံတဝန်းရှိ လူ့အခွင့်အရေးအဖွဲ့တွေကို ထိတ်လန့်စေခဲ့ပါတယ်။
အမျိုးသားလုံခြုံရေး၊ အကြမ်းဖက်မှုတားဆီးရေးနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အားထုတ်မှုအနေနဲ့ ဝန်ကြီးဌာနတွေက တောင်းဆိုထားတဲ့ ဥပဒေပြဋ္ဌာန်းချက်ကြောင့် NGO တွေရဲ့ ရန်ပုံငွေ ရပေါက်ရလမ်း အရင်းအမြစ်အားလုံးကို အစီရင်ခံဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
အလုပ်သမားအခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ Solidarity Center မှ Dave Welsh က အဲဒီ အဆိုပြုထားတဲ့ ဥပဒေက ရွှေ့ပြောင်းအလုပ်သမားတွေကို စည်းရုံးရာမှာ ကူညီပေးတဲ့ အဖွဲ့တွေကို ရည်ရွယ်ထားတယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
“အစိုးရချမှတ်ထားတဲ့ ပြင်းပြင်းထန်ထန် လိုက်နာရမယ့် ဒီ NGO ဥပဒေက အဖွဲ့အစည်း တော်တော်များများနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်သမား အဖွဲ့အစည်းအဖြစ် ဆောင်ရွက်နေတဲ့ NGO အများအပြားအတွက် ဆိုးရွားစေမယ့်ပုံပါပဲ” လို့ Welsh က Al Jazeera ကို ပြောပါတယ်။
“ဒါက တမင်ရည်ရွယ်ထားတာ သေချာပါတယ်။”
မဲဆောက်မြို့က စက်ရုံစက်မှုလက်မှုပညာရှင်ဟောင်းဖြစ်သူ ကိုကျော်ဇေရဲကိုယ်တိုင် ဒါကို တွေ့ကြုံခဲ့ဖူးပါတယ်။ သူနဲ့ မြန်မာလုပ်သား လုပ်ဖော်ကိုင်ဘက် ၁၉၅ ဦးတို့က စုပေါင်းအလုပ်သမားများ ရန်ပုံငွေကို ဆေးဘက်ဆိုင်ရာ လိုအပ်ချက်တွေမှာ သုံးဖို့နဲ့ အချိန်ပိုလုပ်ခတွေ ညှိနှိုင်းဖို့ ၁၅ နှစ်ကြာ အတွေ့အကြုံရှိတဲ့ လုပ်သားခေါင်းဆောင်တွေရဲ့ အမည်စာရင်းတွေနဲ့အတူ ပိုင်ရှင်တွေနဲ့ ညှိနှိုင်းခဲ့ပေမဲ့ ၂၀၂၀ ခုနှစ် ဧပြီလမှာပဲ သူတို့အားလုံး Royal Knitting Company ကနေ ဘာလျော်ကြေးတပြားတချပ်မှ မရဘဲ ထွက်လာခဲ့ရတာပါ။
ထိုင်းတရားရုံးက အလုပ်သမားတွေကို လျော်ကြေး ဒေါ်လာ ၁ သန်းနီးပါး ပေးခဲ့ပေမဲ့ ပိုင်ရှင်က ဂျပန်နိုင်ငံကို ထွက်ပြေးသွားတဲ့အတွက် သူတို့ ဘာငွေကြေးထောက်ပံ့မှုမှ မရခဲ့ပါဘူး။
“ဥပဒေရဲ့ သရုပ်မှန်က မှန်ကန်ပေမဲ့ ဥပဒေနဲ့ တကယ့်လက်တွေ့က မတူညီကြပါဘူး။ ကျနော်တို့ ဒီအမှုကို နိုင်ခဲ့တယ်၊ တရားရုံးက လျော်ကြေးငွေပေးဖို့လည်း အမိန့်ချခဲ့တယ်၊ ဒါပေမဲ့ ကျနော်တို့ အဲဒီငွေ တပြားတချပ်မှ မရခဲ့ပါဘူး။ ကျနော်တို့ ခံစားရတဲ့ ခံစားချက်က ထိုင်းနိုင်ငံ တရားဥပဒေက ပိုင်ရှင်တွေကိုပဲ ဦးစားပေးတယ် ဆိုတာပါပဲ” လို့ ကျော်ဇေယျက Al Jazeera ကို ပြောပါတယ်။
အဲဒီစက်ရုံပိတ်ပြီး နှစ်နှစ်ကျော်အကြာမှာတော့ ကျော်ဇေယျတယောက် တောက်တိုမယ်ရ အလုပ်တွေကနေ ရုန်းထွက်ကာ အခြေကျမယ့် အလုပ်ကို ကြိုးစားရှာဖွေနေရပါပြီ။
“သူတို့ (စက်ရုံပိုင်ရှင်တွေ) ဒီလိုမျိုး ဆက်လုပ်နေနိုင်သလို သူတို့ကိုအရေးယူမယ့်သူ ဘယ်သူမှ မရှိပါဘူး။”
ကီရာနာဒွန်ကန် (ရနောင်း၊ ထိုင်းနိုင်ငံ)