Home
မြန်မာသတင်း
လေးကေ့ကော်တွင်တိုက်ပွဲထပ်ဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေပြီး ၈ ဦးဒဏ်ရာရရှိ
DVB
·
June 1, 2022
KNLA

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်ကျေးရွာမှာ မေ ၃၁ ရက်က စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က  ၃၂ ဦးသေပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဖလူးကျေးရွာဘက်ကနေ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF)တွေဟာ နယ်မြေကျော်ဝင်ရောက်လာပြီး စစ်ကောင်စီက ရွှေညောင်ပင်အမြောက်ကုန်းကနေ လက်နက်ကြီး ပစ်ကူပေးပြီး နယ်မြေထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

အဆိုပါတိုက်ပွဲဟာ မေ ၃၁ ရက်  နေ့လယ်ကစတင်ပြီး  ည ၈ နာရီအထိ စစ်ကောင်စီတပ်က ၂၉ ဦး၊ BGF ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။

“အရင်ရက်တွေတည်းက စကစနဲ့ BGF အင်အား ၃၀၀ လောက်က ဖလူးဘက်ကနေ လက်နက်ကြီးပစ်ကူနဲ့အတူ  တိုးလာဖို့ ကြိုးစားနေတာ။ စကစနဲ့ပေါင်းပြီး ဗိုလ်မုတ်သုန်ရဲ့ ၁၀၂၂ တပ်ရင်းနဲ့ ဖြစ်တာ။ တိုက်ပွဲကတော့ သူတို့ဘက်က အထိနာနေတယ်”လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖလူးလေးကျေးရွာဘက်ကနေ စစ်ကောင်စီရဲ့ လူအင်အား ၃၀၀ လောက်ဟာ လေးကေ့ကော်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေသလို့ ကျဆုံးသွားတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းယူဖို့ လုပ်ဆောင်နေတယ်လို့ KNU တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့ည ၈ နာရီလောက်က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်သံတွေကို သောင်ရင်းမြစ်တစ်ဖက်ကမ်း မဲဆောက်မြို့ပေါ်အထိ ကြားရတယ်လို့ မဲဆောက်မြို့မှာ နေထိုင်သူတွေက ပြောပါတယ်။

လေးကေ့ကော်ဒေသအတွင်း ဝင်ရောက်လှုပ်ရှားနေတဲ့ အမှတ် ၁၀၂၂ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းက တပ်ဖွဲ့ဝင်တချို့ဟာ  ခွဲထွက်ဒီကေဘီအေနဲ့ သွားရောက်ပူးပေါင်းတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၈ ရက်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်းနံဘေး၊ သေ့ဘော့ဘိုးကျေးရွာအနီးက စစ်ကောင်စီရဲ့ သေ့ဘော့ဘိုးစခန်းကို ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား  ၆ ဦး အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် သေဆုံးသူများပြားခဲ့ပြီး ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က တော်လှန်ရေးရဲဘော် ၃ ဦး သေဆုံးပြီး ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ နယ်မြေကျော်စစ်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံအရပ်သားပြည်သူဟာ သောင်းရင်းမြစ်အနီးမှာ ယာယီခိုလှုံနေထိုင်ရပြီး မိုးရာသီ လေပြင်းတိုက်ခိုက်မှုတွေကြောင့် ယာယီတဲတွေဟာ ပျက်စီးခဲ့သလို့  ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေဟာ မိုးမိတဲ့ဒဏ်တွေနဲ့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် နေထိုင်မကောင်းတဲ့သူတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024