စစ်ကိုင်းတိုင်း၊ ကလေးမြို့က ဒေသခံ လူငယ် ၃ ယောက်ကို PDF တပ်သားတွေလို့ စွပ်စွဲပြီး မေ ၂၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပါတယ်။
ကိုအေးမောင်ကို ကလေးမြို့ မြို့ရှောင်လမ်း၊ ကိုဇေယျာအောင်ကို ကလေးမြို့ မြို့သာရပ်ကွက်၊ ကိုခန့်ကျော်လင်းကို ကလေးမြို့ ညောင်ပင်သာရပ်ကွက်တို့မှာ အသီးသီး ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး သတင်းအရ စစ်ဆေးတွေ့ရှိရလို့ ဖမ်းဆီးကြောင်း စစ်ကောင်စီ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့သူ တစ်ဦးက “ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်သားတွေက ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်။ အခုထိ အဆက်အသွယ်တော့ မရသေးဘူး”လို့ ပြောပါတယ်။
မေ ၁၆ ရက်နေ့ကလည်း ကလေးမြို့နယ်ရှိ ကျီကုန်းကျေးရွာစစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကလေးမြို့မှ မိသားစုပုံနှိပ်တိုက်ပိုင်ရှင်ကို မျိုးနိုင်လင်းဟာ ခရီးသွားရင်း ဖမ်းဆီးခံခဲ့ရပါတယ်။
မေ ၂၁ ရက်ကလည်း ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ ကိုမြင့်သူဝင်းကိုလည်း PDF ထောက်ပံ့တယ်လို့ စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။
ဧပြီ ၂၈ ရက်ကလည်း ကလေးမြို့က ပုံနှိပ်တိုက် ပိုင်ရှင်တယောက်ကို တော်လှန်ရေးအတွက် ကူညီထောက်ပံ့နေပြီး ဆန္ဒပြသပိတ်အဖွဲ့တွေအတွက် နံရံကပ်စာစောင်၊ ဆိုင်းဘုတ်တွေကို အခကြေးငွေ မယူဘဲ ပူးပေါင်းကူညီပေးနေတယ်ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ပုံနှိပ်လုပ်ငန်းသုံးပစ္စည်းတွေ သိမ်းဆည်းခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေက လက်ရှိမှာ ကလေးမြို့ပေါ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်နေပြီး ဒေသခံတွေလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်ခံနေရတာကြောင့် မြို့နေပြည်သူများဟာ စိုးရိမ်ကြောက်လန့်နေကြပါတယ်။
စစ်ကောင်စီတပ်တွေက အခုအချိန်အထိ ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးပြီး ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး ကျေးရွာတွေ၊ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၄၀၀ ကျော်ရှိပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၀၀ ကျော် ရှိနေပြီလို့ သပိတ်အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။