Home
မြန်မာသတင်း
ကလေးမြို့တွင် စစ်တပ်ကပစ်သည့်လက်နက်ကြီးကျည် နေအိမ်ပေါ်ကျသဖြင့် ဒေသခံ ၃ ဦးသေဆုံး
DVB
·
May 29, 2022
283697295_535635921538415_7296084188365503334_n

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေ ၂၈ ရက်ညက စစ်ကောင်စီတပ်က တောင်ဖီလာတောင်ပေါ်ကနေ မြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တာဟန်းရပ်ကွက်က လူနေအိမ်တလုံး ပေါ် လက်နက်ကြီးကျည်ကျပြီး မိသားစုဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက သိရပါတယ်။

ရပ်ကွက်နေ ဒေသခံတဦးက “လက်နက်ကြီးက ညအ‌စောပိုင်းမှာ ကျတာ။ မီးကလည်း ပျက်နေတာ။ သူတို့ နေအိမ်ပေါ်ကျသွားတာ အဲဒီအိမ်က အမျိုးသမီး ၂ ယောက်နဲ့  အမျိုးသား ၁ ယောက် သေသွားတယ်။ အမျိုးသမီး ၂ ယောက်က ပွဲချင်းပြီး သေသွားတာ။ အမျိုးသားက မနက် ၂ နာရီ ဝန်းကျင်လောက်မှာ ဆုံးသွားတာ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ မိသားစုဝင်တွေဟာ မင်းကင်းမြို့နယ်က‌နေ စစ်ဘေးရှောင်လာတဲ့ မိသားစုတွေ ဖြစ်ပြီး သေဆုံးတဲ့ အမျိုးသမီးမှာ ၇ လသား အရွယ်ကလေးငယ် တယောက် ကျန်ရှိခဲ့တယ်လို့ လည်း သိရပါတယ်။ 

အဲဒီနေ့ညအစောပိုင်းက ကလေးမြို့ ရပ်ကွက်တချို့မှာ ပစ်ခတ်သံတွေ  ထွက်ပေါ်ခဲ့ပြီး ည ၈ နာရီလောက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

မေ ၁၀ ရက်နဲ့ ၂၅ ရက်ညကလည်း တောင်ဖီလာတောင်ပေါ်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တာဟန်းရပ်ကွက်က နေအိမ်တွေပေါ် လက်နက်ကြီးကျပြီး အိမ်ရှင်မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ကလေးမြို့မှာ စစ်ကောင်စီတပ်က မြို့တွင်းကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာ ကြောင့် ဒေသခံတွေ ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်။ 

ဧပြီ ၂၉ ရက်ညကလည်း တာဟန်းရပ်ကွက် ဘူတာရုံလမ်းကြား ဧမာနွေလဘုရားကျောင်းအနီး နေအိမ်ပေါ်ကို တိုက်ပွဲတွင်းက လက်နက်ကြီးကျရောက်လို့ ဒေသခံ တယောက် အသက်ဆုံးရှုံး ခဲ့ရပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024