Home
မြန်မာသတင်း
လောင်းလုံးမြို့တွင် လမ်းသွားလမ်းလာများကို စစ်ဆေးသည့် ရဲနှင့်စရဖတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
May 27, 2022
Long Lone Tsp

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ မြို့အဝင်ဆိုင်းဘုတ်အနီး လမ်းသွားလမ်းလာတွေကို စစ်ဆေးဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စရဖတပ်ဖွဲ့ဝင် ၁၂ ဦးလောက်ဟာ ဒီကနေ့ မေ ၂၇ ရက် မနက် ၆ နာရီလောက် ပစ်ခတ်တိုက်ခိုက်ခံရပြီတယ်လို့ လောင်းလုံးမြို့ခံတွေက ပြောပါတယ်။

လောင်းလုံးမြို့ခံတဦးက “ပစ်ခံရတာက အနီးကပ်ပဲ၊ ထိခိုက်မှုတော့ ရှိနိုင်တယ်။ ရဲကားတော့ ဘီးပေါက်ပြီး မြို့ထဲပြန်ဝင်လာတယ်၊ ကားမောင်းလာတာတော့ အေးအေးဆေးဆေးပဲ" လို့ ပြောပါတယ်။

လောင်းလုံးအခြေစိုက် ပြည်သူ့ပန်းတိုင် ပြောက်ကျားတပ်ဖွဲ့က အဲဒီပစ်ခတ်တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်လောက် ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်က ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လောင်းလုံးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပြုလုပ်နေပြီး ဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

အခုပစ်ခတ်တိုက်ခိုက်ခံရတဲ့ မြို့အဝင်ဆိုင်းဘုတ်အနီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်၊ စရဖတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပေါင်းပြီး လမ်းသွားလမ်းလာတွေကို မကြာခဏဆိုသလို စစ်ဆေးလေ့ရှိပြီး မှတ်ပုံတင်၊ ကိုဗစ်-၁၉ ဆေးထိုးလက်မှတ်၊ ဆိုင်ကယ်လိုင်စင်တွေ မပါပါက ငွေညှစ်ခံရတာတွေ ကြုံရလေ့ရှိတယ်လို့ လောင်းလုံးဒေသခံတွေက ပြောပါတယ်။

မေ ၁၇ ရက်၊ နေ့လယ် ၁ နာရီခွဲလောက်ကလည်း စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားတစီး လောင်းလုံးမြို့အနီး ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024