ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကနေ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသူ ကျောင်းသား ၃ ဦးအထိ ဆေးတက္ကသိုလ်တက်ခွင့်ရ ရှိခဲ့ကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဘူးသီးတောင်မြို့ မြို့မိမြို့ဘတဦးက "ဘူးသီးတောင်က ဆရာဝန် ဖြစ်ခဲ့ကြတာတော့ရှိတယ်။ ဒီလို ၃ ယောက်အထိ တပြိုင်တည်း ဆေးကျောင်းတက်ခဲ့ကြတာတော့မရှိခဲ့ဘူး။ ဒီနှစ်ကတော့ ၃ ဦးအထိ ဆေးကျောင်းဝင်တာ ပထမဆုံးအကြိမ်လို့ပြောလို့ ရတယ်။"လို့ ပြောပါတယ်။
ဆေးတက္ကသိုလ်တက်ခွင့်ရသူတွေကတော့ ၆ ဘာသာဂုဏ်ထူးရှင် မောင်မာမတ်အာယစ်၊ ၅ ဘာသာ ဂုဏ်ထူးရှင် မလွင်လွင်ပြုံးနဲ့ ဂုဏ်ထူး ၄ ဘာသာရခဲ့တဲ့ ဂန္ဓာရီ ပရဟိတ္တသင်တန်းကျောင်းမှ ကျောင်းသား မောင်ကျော်သန်းလင်းတို့ ဖြစ်ပါတယ်။
မောင်မာမတ်အာယစ်ဟာ အခု မေလ ၁၂ ရက်ကစပြီး ဆေးတက္ကသိုလ်(၂)မှာ တက်ရောက် ပညာသင်ကြားနေပြီလို့လည်း သူ့ရဲ့ အစ်ကိုဖြစ်သူကပြောပါတယ်။
ဂုဏ်ထူး ၄ ဘာသာရှင် ကျောင်းသား မောင်ကျော်သန်းလင်းဟာလည်း ရမှတ် ၄၈၅ မှတ်နဲ့ ရန်ကုန်ဆေးတက္ကသိုလ် (၂) မှာ တက်ခွင့်ရရှိခဲ့ပြီး ခမီလူမျိုးတွေထဲမှာ ပထမဆုံးအကြိမ် ဆေးတက္ကသိုလ်တက်ခွင့်ရရှိခဲ့သူဖြစ်တယ်လို့ ခမီလူကြီးတွေထံက သိရပါတယ်။
အခုပညာသင်နှစ် ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကျောင်းသားဆိုရင် အမှတ် ၄၈၅ မှတ်၊ ကျောင်းသူဆိုရင် ၅၀၅ မှတ် သတ်မှတ်ထားတာဖြစ်ပါတယ်။
မောင်တောကနေ ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ မလွင်လွင်ပြုံးကတော့ ၄၇၉ သာ ရတာကြောင့် ဆေးဝါးတက္ကသိုလ်တက်ရောက်ခွင့်သာရရှိခဲ့တဲ့အတွက် နယ်စပ်ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်လျှောက်ထားရာမှာ တက်ရောင်ခွင့်ရရှိခဲ့တယ်လို့ သူ့ရဲ့ဖခင်ဖြစ်သူက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတဝန်း တက္ကသိုလ်တွေ ကောလိပ်တွေကို ပြန်ဖွင့်နေရာမှာ ကျောင်းတက်တဲ့ ကျောင်းသားတွေရှိသလို စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းမတက်တဲ့ ကျောင်းသားတွေလည်း အများအပြားရှိပါတယ်။