Home
မြန်မာသတင်း
မြိုင်နှင့် ဂန့်ဂေါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ
DVB
·
May 26, 2022
Myaing PDF

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေ ၂၅ ရက် ညနေပိုင်းက ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် PDF က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိုင် PDF တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

မြိုင်မြို့နယ် ကျောက်ခွက်ရွာနဲ့ ဆူးဝင်းရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၂၅ ယောက်ကို မြိုင် PDF က ဒရုန်းနဲ့ပတ်ကြည့်ကာ မေ ၂၅ ရက် ညနေ ၃ နာရီလောက်ကနေ ၃ နာရီ ၄၀ လောက်အထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"စစ်(…) တွေဘက်ကလည်း လက်နက်ကြီးတွေ စက်လတ်တွေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်။ အဲဒီ စစ်(…) တွေကို တိုက်ခိုက်ဖို့ စောင့်နေတာ ၈ ရက်လောက်ရှိပြီဗျ။ မနေ့ကမှ ဒရုန်းနဲ့ပတ်ကြည့်ပြီး နေရာအတိအကျသိရလို့ တွယ်ထည့်လိုက်တာ။ ဒီကနေ့မနက်ပိုင်းမှာတော့ မြိုင်မြို့နယ်ထဲမှာ ရဟတ်ယာဉ် ၂ စီး ဝဲနေတယ်။ ပစ်ခတ်တာတော့ မရှိဘူး။ အင်အားလာချတာလားတော့ မသိဘူး။ ဂန့်ဂေါနယ်ထဲမှာတော့ ဒီနေ့မနက်ပိုင်းက ရဟတ်ယာဉ် ၄ စီးနဲ့ ပစ်ခတ်နေတယ်လို့ သိရတယ်။ ကျနော်တို့တပ်ဖွဲ့က ရဲဘော်တွေလည်း စစ်ကူသွားကြတယ်။"

စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေရဲ့ကားတွေကို သုံးပြီး သွားလာနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ မြိုင်-ပခုက္ကူလမ်းကို အရေးကြီး(အရေးကြီး) ကိစ္စကလွဲလို့ သွားလာခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ အရေးကြီး သွားလာဖို့ လိုအပ်ပါက ဆိုင်ရာအဖွဲ့တွေကို အကြောင်းကြား သွားလာကြဖို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်ကလည်း ဂန့်ဂေါမြို့ မြစ်သာမြစ်ကူးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပူး‌ပေါင်းတပ်ဖွဲ့က ဒရုန်း‌‌တွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယောဒေသ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် HUF က ထုတ်ပြန်ပါတယ်။

မြို့ခံတဦးက “တိုက်ပွဲအပြီးမှာ စစ်ကားတွေနဲ့ ရဲကားတွေ လာရောက်ကြည့်ရှုကြတယ်။ စစ်သားတွေသေတယ်လို့လည်း ကြားတယ်၊ ကြောက်လို့ အိမ်ထဲမှာပဲနေကြတယ်။ စစ်ကားတွေနဲ့ ရဲကားတွေကတော့ အခုထိမပြန်ကြသေးဘူး” လို့ ပြောပါတယ်။

ဒီနေ့မနက်ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်‌ခဲ့တာကြောင့် ဒေသခံ ၁,၀၀၀ ကျော် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့က ဂန့်ဂေါမြို့နယ်ကို သာလွန်အင်အားသုံးပြီး လေကြောင်းကနေပါ တိုက်ခိုက် ထိုးစစ်ဆင်နေတာကြောင့် ဂန့်ဂေါနယ်က ပြည်သူတွေအနေနဲ့ ဂရုစိုက် သတိထားနေထိုင်ကြဖို့နဲ့ ဘေးလွတ်ရာနေရာတွေမှာ ကြိုဆင်ပြင်ဆင် တိမ်းရှောင်နေကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

မြိုင်နဲ့ ဂန့်ဂေါမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်ကျဆုံးမှု အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024