စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ဈေးသည်တွေကို စည်ပင်သာယာက ဈေးကောက် အခကြေးငွေတွေ ပုံမှန်ထက် ကျော်လွန်ကောက်ခံနေတယ်လို့ ပုလဲဈေးအတွင်း ဈေးရောင်းနေသူတဦးက ပြောပါတယ်။
“အခုလုပ်ဆောင်နေတာက ပုလဲစည်ပင်ဝန်ထမ်းတွေက ပိုမိုကောက်ခံနေကြတယ်။ အခါတိုင်းက ဈေးဗန်းခင်းတဲ့ အနည်းအများပေါ် ကြည့်ပြီး အရင်က ကောက်ခံတယ်။ အရင်က ကျနော်တို့ဆိုင်ဆိုရင် တရက်ကို ၅၀၀ လောက်ကျတာ။ အခုဟာက စည်ပင်ဝန်ထမ်းတွေက ခေတ်ပျက်တာကို အခွင့်ကောင်းပြီး ၂,၅၀၀ တောင်းတဲ့ရက်တွေ ရှိသလို ၁,၀၀၀ တောင်းတဲ့ရက်တွေလည်း ရှိတယ်။ မပေးနိုင်ရင် ဈေးဆိုင်ပိတ် ဈေးမရောင်းနဲ့လို့ ပြောတာတွေလည်း ရှိတယ်။ တခြားဆိုင်တွေလည်း ကျနော့်လို အကောက်ခံရတယ်။ ဘယ်ကျေနပ်ကြမလဲဗျာ။"
ပုလဲမြို့ စည်ပင်သာယာဝန်ထမ်းတွေဟာ ဈေးကောက်ကို အခုလိုမျိုး တိုးကောက်ရုံသာမက မြို့ပေါ် ရေပေးဝေရေး လုပ်ရာမှာလည်း အခကြေးငွေ ပိုမိုတောင်းယူပြီး ရေပေးတာတွေ လုပ်ဆောင်နေတယ်လို့ ပုလဲဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။