Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များနှင့် ကုလတွေ့ဆုံ၊ လူသားချင်းစာနာမှုအကူအညီပေးခွင့် ထပ်မံ တောင်းဆို
DVB
·
May 25, 2022
UN

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးနဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က တာဝန်ရှိသူတွေဟာ ကယား(ကရင်နီ) ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ကြပြီး နိုင်ငံအတွင်း နေရပ်ရွှေ့ပြောင်းနေထိုင်ရသူတွေ အားလုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ စဉ်ဆက်မပြတ် သွား‌ရောက်‌ပေးအပ်နိုင်ခွင့်အတွက်  ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲ Mr Anders Graugaard က “ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မြင်ရတာ ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့အားလုံးက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကိုယ့်အိမ် ကိုယ့်ရွာကို ဘေးကင်းကင်းနဲ့  ပြန်ချင်နေကြတယ်။ ကျနော်တို့ ဒိန်းမတ်နိုင်ငံအနေနဲ့ WFP က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဥ်ကနေတဆင့် နေရပ်စွန့်ခွာလာရသူတွေ  မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာအကူအညီကို ထောက်ပံ့ရတဲ့အတွက် ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အ‌ရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အခုနှစ်အစောပိုင်းမှာ ဒိန်းမတ်နိုင်ငံက ဒိန်းမတ်ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈သန်း) ကို WFP ကတဆင့် ပံ့ပိုးကူညီခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူမှုစီးပွားအကျိုးသက်ရောက်မှုတွေအပြင်၊ စစ်တပ်အာဏာသိမ်းပြီးနောက်  မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုပြီးတော့ တိုးမြင့်လိုအပ်နေတယ်လို့ ဆိုပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က “အခုလို ဒိန်းမတ်နိုင်ငံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်မီပေးအပ်တဲ့ ရက်ရက်ရောရော လှူဒါန်းမှုတွေအတွက် ကျေးဇူးတင်မိပါတယ်။ ကျနော်တို့ WFP အနေနဲ့ သွားရောက်ကူညီခွင့်ရရှိမှု အခြေအနေပေါ် မူတည်ပြီး မြန်မာနိုင်ငံတဝန်းလုံးက အရေးပေါ်အကူအညီလိုအပ်နေသူအားလုံးကို အကူအညီတွေ တိုးမြှင့်ပေးသွားအပ်ဖို့ ကတိပြုပါတယ်။ ဒါ့အပြင် အခြေအနေတွေ ကောင်းမွန်လာတဲ့အခါမှာလည်း တိုက်ပွဲရှောင်ပြည်သူတွေ သူတို့ရဲ့မူလနေရပ်ပြန်နိုင်အောင် ကူညီပေးနိုင်ဖို့ အဆင်သင့်ဖြစ်အောင်လည်း ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

WFP ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယနဲ့ တောင်ကြီးမြို့နယ်တို့မှာ လတ်တ‌လော ခိုလှုံနေတဲ့ ကယားပြည်နယ်က နေရပ်စွန့်ခွာလာရသူတွအတွက် စားနပ်ရိက္ခာတွေ ဖြန့်ဖြူးပေးနေပြီး၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေကြသူတွေကို ပစ်ခတ်သတ်ဖြတ်နေတာတွေအပြင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေတာတွေကို ကျူးလွန်နေပြီး လတ်တလော စုဆောင်းရရှိတဲ့ အချက်အလက်တွေအရ မြန်မာပြည်အနှံ့ နေရာပေါင်း ၉၆နေရာက အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၁၉၆၃ လုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာလည်း ၉ သိန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013