တရုတ်-မြန်မာ လမ်းကြောင်းသစ်ဖြစ်တဲ့ ချုံချင့်-လန်ချန်း-မြန်မာ အထူးရထားကို တရားဝင်စတင်ပြေးဆွဲနေပြီလို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနနဲ့ တရုတ်သံရုံးတို့က သတင်းထုတ်ပါတယ်။
နိုင်ငံတကာအထူးရထား တရားဝင်စတင်ပြေးဆွဲတာကို မေလ ၂၃ ရက်က တရုတ်နိုင်ငံချုံချင့်မြို့ ရှိ ကော်ယွမ်ဆိပ်ကမ်းမှာ အခမ်းအနားနဲ့ ကျင်းပခဲ့တာဖြစ်ပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ရထားဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ ချုံချင့်မြို့အကြား ပထမဦးဆုံးစတင်ပြေးဆွဲမယ့် မီးရထား-ကားလမ်း ပေါင်းစပ်လမ်းကြောင်းသစ်ဖြစ်ပါတယ်။
ရထားပေါ်တွဲတွေပေါ်မှာတော့ နေစွမ်းအင်သုံးစက်ကိရိယာတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေ၊ အီလက်ထရောနစ်အပိုပစ္စည်းတွေ၊ ကားနဲ့ ဆိုင်ကယ်အပိုပစ္စည်းစတာတွေကို ကွန်တိန်နာပေါင်း အလုံး ၆၀ သယ်ဆောင်လာတယ်လို့ တရုတ်သံရုံးကလည်း ထုတ်ပြန်ပါတယ်။
အဆိုပါပစ္စည်းတွေကို ချုံချင့်မြို့မှ လန်ချန်းနယ်စပ်မြို့အထိ ရထားနဲ့ သယ်ဆောင်မှာဖြစ်ပြီး ဒီနောက် ချင်းရွှေဟော်မှတဆင့် မန္တလေးမြို့သို့ ကုန်တင်ယာဉ်တွေနဲ့ ဆက်လက် ပို့ဆောင်မှာဖြစ်ကာ ၁၅ ရက်လောက်အကြာမှာ မန္တလေးကို ကုန်ပစ္စည်းတွေ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အခုလိုပို့ဆောင်တဲ့ လမ်းကြောင်းသစ်ဟာ ချုံချင့်နဲ့ မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန် ပုံမှန်ပို့နေကျထက် ရက် ၂၀ လျော့နည်းသွားမှာဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်မယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
Photo- MOFA