တရုတ် - မြန်မာ နယ်စပ်တလျှောက် နယ်စပ်ဖြတ်ကျော်ခွင့် (Border Pass – BP) စာအုပ် အနီ လုပ်တာမှာ ပွဲစား မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာနေတယ်လို့ သိရပါတယ်။
နယ်စပ် ကုန်သည်တဦးက "စာအုပ်တွေက ကျပ် ၁ သောင်း၊ ၁ သောင်းခွဲပဲ ကုန်တာ။ သူတို့ သတ်မှတ်ထားတာက မူဆယ်ခရိုင် အိမ်ထောင်စုရှိတဲ့ သူတွေ။ ဒါပေမယ့် အခု အနောက်ပေါက်ကနေ လုပ်စားနေကြတာ" လို့ ပြောပါတယ်။
လက်ရှိမှာတော့ မူဆယ်၊ ကံပိုင်တည်နဲ့ ချင်းရွှေဟော် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီတွေကို ပွဲစားတွေကနေတဆင့် စာအုပ်လုပ်ခ အဆမတန် တောင်းယူတဲ့အပြင် တချို့လိမ်လည်တာတွေပါ ခံနေရပြီး မှောင်ခို ဈေးကွက် တနေ့တခြား ပိုမိုကြီးထွားလာနေတယ်လို့ ဆိုပါတယ်။
ရွှေလီရောက် မြန်မာနိုင်ငံသားတဦးက "လေး၊ ငါးရက်နဲ့ဆို သိန်း ၅၀ ထိ ပေါက်ဈေးရှိနေတယ်။ ရက်ကြာတဲ့ ပေါ်မူတည်တယ် ဈေးက။ တပတ်၊ တလ အဲလိုပေါ့။ ကျနော်တောင် ကျနော့် ညီမတွေ အိမ်မှာ အလုပ်မရှိလို့ ဒီမှာဆိုင်လေး ဖွင့်ထားတော့ ခေါ်ချင်တာ ၁ ယောက် သိန်း ၃၀ တောင်းတယ်။ လုံးဝလျှော့လို့ မရဘူးတဲ့" လို့ ပြောပါတယ်။
ချင်းရွှေဟော်ဘက်မှာတော့ တခြားမြို့နယ်၊ တခြားမျဉ်းစောင်းတွေလည်း စာအုပ်အနီ လုပ်လို့တော့ရပေမယ့် တခြားမျဉ်းစောင်းတွေက စာအုပ်လုပ်ရတာခက်တယ်လို့ တရုတ်ဘက် အလုပ်သမား ပို့ပေးနေသူတဦးက ပြောပါတယ်။
"၄၁ သိန်း ၁ ပတ်စောင့်၊ ဝင်လို့ ရတယ်၊ တော်တော်များများတောင် အထဲ ရောက်နေပြီ။ စာအုပ်ရိုက်ခက အရမ်းများတယ်။ ၁၃ / ပဲ အဆင်ပြေတယ် လောလောဆယ်။"
ကံပိုင်တယ်ဘက်မှာလည်း စာအုပ်လုပ်တဲ့ ပွဲစားတွေ ရှိလာနေပြီး ၁၃/ ကလွဲရင် ကျန်တာတွေ လုပ်လို့ရကာ စာအုပ်အနီ ပေါက်ဈေးက ၄ သိန်းခွဲထိ ရှိတယ်လို့ ကံပိုင်တည် နယ်စပ်ဒေသခံ လူငယ် တဦးက ပြောပါတယ်။
"တရားဝင် လုပ်ပေးတာ မဟုတ်ဘူး။ ၄ သိန်း၊ ၄ သိန်းခွဲ လောက် ပေးမှ ရတာ၊ ရွှေလီအထိ မရဘူး။ ကံပိုင်တည်ဘက်ကနေ ဝင်ရင် တရုတ်ဘက် ထိန်ချုန်းထိပဲ ရတယ်။ တချို့က ခိုးလမ်းကနေ သွားကြတယ်။ အဖမ်းအဆီး အရမ်းများတယ်။ ပြီးခဲ့တဲ့ တရက်က အယောက် ၅၀ ကျော်မိတာ။"
ရွှေလီဘက်က ဝင်မယ်ဆိုရင်တော့ မူဆယ်၊ နမ့်ခမ်း အိမ်ထောင်စု ၁၃/ တွေပဲ လက်ရှိ ဝင်လို့ရပြီး ကံပိုင်တည်ဘက်ကနေ ဝင်မယ်ဆိုရင် ၁၃/ နဲ့ မူဆယ်ဘက်က စာအုပ်ကလွဲပြီး ကျန်တဲ့ မျဉ်းစောင်းတွေ အကုန်ဝင်လို့ ရပေမယ့် ထိန်ချုန်းထိပဲရကာ တရုတ်ဘက်က သတ်မှတ်ထားတဲ့ နယ်ကျော်လာရင်တော့ ဖမ်းဆီးကာ နယ်စပ်ဂိတ်ပြန်ပို့ ပြီးရင် ၃ နှစ် သို့မဟုတ် ၅ နှစ် တရုတ်နိုင်ငံထဲ ဝင်ခွင့်မရှိတော့ဘူးလို့ ဆိုပါတယ်။
စက်ရုံနဲ့ ချိတ်ဆက်ပြီး စက်ရုံက လုပ်ပေးရင် ဘယ်မျဉ်းစောင်းမဆို ဝင်လို့ရပေမယ့် စက်ရုံသူဌေးဘက်က ခေါ်တာဖြစ်မှ အဆင်ပြေတယ်လို့ တရုတ်ဘက် ရွှေလီ ရောက်နေသူတဦးက ပြောပါတယ်။
"ဖြစ်နိုင် တရုတ်ပြည် မဝင်ချင်ပါနဲ့။ အခန့်မသင့် အဖမ်းခံမယ်။ လစာလည်း အရမ်း နှိမ်လွန်းတယ်။ မူဆယ်၊ နမ့်ခမ်းကလွဲရင် ဘယ်မျဉ်းစောင်းမှ မရဘူး။ ပွဲစားခေါ်လည်း မလုပ်နဲ့၊ မရဘူး၊ ရရင်လည်း အတုပဲဖြစ်တယ်။ စစဖွင့်တုန်းလို မဟုတ်တော့ဘူး။ အိမ်မှာ နေပြီး ရသလောက် ရှာရင်တောင် ပို အဆင်ပြေမယ်။"
ပွဲစားနဲ့ အွန်လိုင်းကနေ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်လုပ်မယ်ဆိုရင် ပတ်စ်ပို့ ပုံက ၆ ပုံ သို့မဟုတ် ၁၂ ပုံ၊ မှတ်ပုံတင်မူရင်း၊ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စု ဇယား မိတ္တူတွေလိုအပ်ကြောင်း အွန်လိုင်းကနေ လူရှာနေသူတွေဆီက သိရပါတယ်။
မူဆယ်ဘက်မှာတော့ အိမ်ထောင်စု ပြောင်းပေးခြင်း၊ စာအုပ်အနီ ရအောင် Online မှ ဆောင်ရွက်ပေးကြောင်း၊ လူလာစရာမလိုဘဲ စာအုပ်ရမှာသေချာကြောင်းပြောပြီး ငွေလွှဲခိုင်းကာ ဖုန်းစက်ပိတ်သွားတာတွေ၊ ဘလော့သွားတာတွေ မြင်နေ၊ ကြားနေရတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
အာမခံချက်မရှိတဲ့သူတွေနဲ့ ငွေကြိုလွဲတာတွေ မပြုလုပ်ဖို့၊ လူကိုယ်တိုင် သက်ဆိုင်ရာရုံးကို သွားပြီး လုပ်တာ မဟုတ်ရင်တော့ အိမ်ထောင်စု၊ စာအုပ်အနီ အစစ်အမှန်မရရှိနိုင်တဲ့အပြင် တခြားဒေသက အိမ်ထောင်စု ပုံစံ (၁၀) ထွက်လာပြီး မူဆယ်မြို့မှာ အိမ်ထောင်စုပြုလုပ်လို့ မရသေးသူ အများအပြားရှိနေသလို နေ့တိုင်း မူဆယ်မြို့နယ် လဝက ရုံးမှာ အိမ်ထောင်စုပြောင်းဖို့ လာရောက်လျှောက်ထားသူ ရာချီရှိနေပြီး အိမ်ထောင်စုမရသေးလို့ အိမ်ခန်းငှားနေထိုင်နေသူတွေ၊ တည်ခိုခန်းများမှာ စောင့်နေသူတွေ လူထောင်ချီ ရှိနေတယ်လို့ သူက ရှင်းပြပါတယ်။
စာအုပ်အနီပြုလုပ်မရလို့ ခိုးပေါက်က ဝင်ရောက်သူတွေကို တရုတ်ဘက်မှာ ဖမ်းဆီးအရေးယူမှုတွေလည်း ရှိနေသလို မူဆယ်မှာလည်း မှတ်ပုံတင်၊ အိမ်ထောင်စု နဲ့ စာအုပ်အနီတွေ အတုမှန်း မသိဘဲ ကိုင်ဆောင်လို့ ဖမ်းခံရတာတွေ ဒီရက်ပိုင်အတွင်း တော်တော်များလာတယ်လို့ ဆိုပါတယ်။
တရုတ်ဘက်ကို ခိုးပေါက်ကနေ ဝင်ရောက်တာတွေ၊ ပြသာနာဖြစ်ရင် အာမခံချက်မရှိဘဲ ဖမ်းခံရပြီဆိုတာနဲ့ ပွဲစားတွေက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ရှောင်ထွက်သွားတာတွေ၊ မူဆယ်မှတ်ပုံတင်၊ မူဆယ်အိမ်ထောင်စု၊ စာအုပ်အနီ ပြုလုပ်ပေးမယ်ဆိုပြီး လူလိမ်များကြောင့် မသိတဲ့ ပြည်သူတွေက အစစ်အမှန်ထင်ပြီး ကိုင်ဆောင်အသုံးပြုချိန်မှာ ဖမ်းဆီး အရေးယူခံရ တာတွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။
"တခြားမြို့နယ်တွေဘက်က တရုတ်ဘက်ကို အလုပ်သွားလုပ်ချင်သူတွေက စာအုပ်အနီ ရရှိဖို့ ကြိုးစားလာလို့ ပွဲစားတွေ ပေါ်လာပြီး ငွေလိမ်ခံရတဲ့ ဖြစ်စဉ်တွေ၊ ငွေအဆမတန် ပေးနေရတာတွေ နေတိုင်း ကြားသိနေရတယ်။ စာအုပ်အနီ လုပ်လို့ရတယ်။ မြန်မာငွေ သိန်း ၂၀၊ ၂၅ သိန်း ပေးရမယ်လို့ပြောတဲ့ ပွဲစားတွေကိုယုံပြီး အဖွဲ့လိုက် သိန်းရာချီ လိမ်လည်ခံရတာတွေလည်း ရှိနေတယ်။" လို့ ဌာနဆိုင်ရာနဲ့နီစပ်သူက ရှင်းပြပါတယ်။
တရုတ်ဘက်ကတော့ ထောင်ဒဏ်အစား ဒဏ်ငွေရိုက်ပြီး မြန်မာနိုင်ငံဘက်ပြန်ပို့ကာ တရုတ်ပြည် ဝင်ခွင့် ၁ နှစ်ကနေ ၅ နှစ် အထိ ပြည်ဝင်ခွင့် ပိတ်လိုက်တဲ့ စနစ် အစားထိုးလိုက်တယ်လို့ ဆိုပါတယ်။
ကားသမားတဦးက "ကျနော့်အသိ သုံးယောက်တောင်မှ၊ တယောက် သိန်းသုံးဆယ်နဲ့ စာအုပ်လုပ်ပြီး ဝင်သွားတာ။ ဟိုဘက်လည်းရောက်ရော တရုတ်ရဲတွေ ဖမ်းမိပြီး ဒဏ်ကြေးငွေ တရုတ်ယွမ် သုံးသောင်းလည်း ပေးရတယ်။ ပြီးကျရင် မူဆယ် ပြန်ပို့လိုက်တယ်။ မူဆယ်က ရဲတွေကိုယ်တိုင် အာမခံတယ်ဆိုပြီး လုပ်ပေးတာ။ ပိုက်ဆံ အများကြီး အလကား ရှုံးပြီလေ" လို့ ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ကို အိမ်ထောင်စုကန့် သတ်ချက်မထားဘဲ နိုင်ငံသားတိုင်းကို ထုတ်ပေးမှသာ အားလုံးအဆင်ပြေမှာဖြစ်ပြီး ပြည်သူတွေရဲ့ အခက်အခဲပြသာနာကို ကိုယ်ကျိုးစီးပွားအတွက် ပြုလုပ်နေသူ ပွဲစား၊ လူလိမ်တွေနဲ့ ပါဝင်ပတ်သတ်သူတွေကိုပါ ထိရောက်စွာ အရေးယူသင့်ကြောင်း၊ နိုင်ငံသားအားလုံးကို နယ်စပ် ဖြတ်သန်းခွင့် လက်မှတ်တမျိုးမျိုး ပြုလုပ်ပေးနိုင်ဖို့ တာဝန်ရှိသူတွေအနေနဲ့ကူညီဆောင်ရွက်ပေးသင့်ကြောင်း စာအုပ်ရဖို့ ကြိုးပမ်းနေသူတွေက ပြောပါတယ်။
Online ကနေ ငွေလွဲပြီး အိမ်ထောင်စု အတုမှန်းမသိပဲ ပြုလုပ် ကိုင်ဆောင်ထားသူတဦးကို မူဆယ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဖမ်းဆီးရမိပေမယ့် အိမ်ထောင်စုအတု ပြုလုပ်ပေးသူကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်မရှိသေးဘူးလို့ ဆိုပါတယ်။
"သူတို့ ပေါင်းလုပ်စားတာပါ။ အဲဒီစာအုပ်တွေက ဌာနဆိုင်ရာက ထုတ်မပေးရင် ဘယ်က ရမလဲ။ တခြားမြို့နယ်က အိမ်ထောင်စုတွေကို မထုတ်ပေးဘူးဆိုရင်လည်း ဘယ်သူ့ကိုမှ ထုတ်မပေးနဲ့။ အတိအကျ ထုတ်ပြန်စာ ထုတ်လိုက်လေ။ အခုဟာက အနှေးအမြန်ပေါ်မူတယ်ပြီး သိန်း ၅၀ ထိ ပေါက်နေတာ။ မဖြစ်သင့်ဘူး။ တမင် လုပ်စားနေတာ။ ပြည်သူတွေ ဒုက္ခ အရမ်းရောက်တယ်။ တချို့က မလေ့လာဘူး။ အိမ်ပေါင်၊ ခြံပေါင်နဲ့ လာကြတာ" လို့ နယ်စပ် ဒေသခံတဦးက ပြောပါတယ်။
စာအုပ်အနီရရှိဖို့ စရန်ငွေ တချို့တဝက်ပေးကာ တည်ခိုခန်း နဲ့ အိမ်ခန်းငှားရမ်း နေထိုင်ပြီး စောင့်နေသူတွေ အများအပြား မူဆယ်မှာရှိနေပြီး မူဆယ်ခရိုင်အတွင်းက မှတ်ပုံတင် ရရှိဖို့၊ မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စု ရရှိဖို့အတွက် အွန်လိုင်း အကျိုးဆောင်တွေ ကနေတဆင့် ဆောင်ရွက်နေတာတွေ များတာကြောင့် ငွေကုန်ပြီး စာရွက်စာတမ်းအတုသာရဖို့ ရာခိုင်နှုန်းများနေတယ်လို သူက ပြောပါတယ်။
မိမိနေထိုင်ရာ အရပ်ဒေသမှာ အလုပ်အကိုင်ရှားပါးတဲ့ ပြသာနာတွေကြောင့် တရုတ်နိုင်ငံဘက် လုပ်ခ လစာ ပိုမိုရတာကြောင့် သွားရောက် အလုပ် လုပ်လိုသူတွေအနေနဲ့ မူဆယ်ခရိုင်အတွင်းက အိမ်ထောင်စုနဲ့ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ကို တရားဝင်ရရှိဖို့ ကိုယ်တိုင်ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
မူဆယ်ခရိုင်အတွင်းမှာ အမှန်တကယ်နေထိုင်ပြီး အိမ်ထောင်စုပြောင်းရွှေ့လိုသူတွေအနေနဲ့ ရပ်ကွက်/ ကျေးရွာ ထဲမှာ အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာ တင်ပြဖို့၊ လက်ရှိ ပုံစံ (၁၀) ရှိတဲ့မြို့နယ် လဝက ရုံးက ထွက်စာ ထုတ်ယူပြီး တင်ပြရန်၊ သွေးနှောဖြစ်ပါက တိုင်း/ ပြည်နယ် ခွင့်ပြုချက်လိုအပ်ကြောင်း၊ မူဆယ်ခရိုင်အတွင်း နေထိုင်တဲ့နေရာက အိမ်ပိုင်ဆိုင်မှု၊ အိမ်ငှားဖြစ်ပါက အိမ်ငှားစာချုပ်နဲ့ အိမ်ရှင်ရဲ့ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ တင်ပြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
အိမ်ထောင်စုပြောင်းရွှေ့ဖို့ လိုအပ်တဲ့ အချက်အလက်တွေက မှတ်ပုံတင်မူရင်း၊ ယခင်သက်ဆိုင်ရာ မြို့နယ် လဝကမှူးရုံးက အိမ်ထောင်စု ထွက်စာ၊ လက်ရှိနေထိုင်တဲ့ ရပ်ကွက်/ ကျေးရွာ အုပ်ချူပ်ရေးမှူးရုံးရဲ့ အမှန်တကယ် နေထိုင်ကြောင်းထောက်ခံစာ၊ အိမ်ပိုင်ဆိုင်မှု အထောက်အထား၊ ကာယကံရှင် လူကိုယ်တိုင် သွားရောက် လျှောက်ထားသင့်တယ်လို့ ပြောပါတယ်။
နိုင်ငံသားအားလုံး နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (တစ်မျိုးမျိုး) ပြုလုပ်ပေးနိုင်ဖို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က ကူညီဆောင်ရွက်ပေး သင့်ကြောင်း တရုတ်ဘက် အလုပ်လုပ်ဖို့ ကြိုးပမ်းနေသူတွေက ပြောပါတယ်။