မကွေးတိုင်း၊ ရေစကြိုမြို့မှာ မေလ ၂၄ ရက်နေ့ ညနေပိုင်းက မြို့နယ်လျှပ်စစ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်ဦအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုရဲ့ ခေါင်းဆောင် ရဲဘော် ဝေကြီးက ဒီဗွီဘီကိုပြောပါတယ်။
ပြည်သူတွေဆီကနေ လျှပ်စစ်မီတာခတွေ အတင်းအကျပ် လိုက်ကောက်နေတာကြောင့် မနေ့ ညနေ ၄ နာရီလောက်မှာ မြို့နယ်လျှပ်စစ်ရုံးကို ဗုံးတလုံးခွဲပြီး သတိပေးခဲ့တာလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ EPC ရုံးက ဝန်ထမ်းတွေအနေနဲ့ မီတာခတွေ အတင်းအကျပ် မကောက်ခံဖို့နဲ့ စစ်ကောင်စီအလိုကျ လိုက်မလုပ်ဖို့ ပြင်းပြင်းထန်ထန်သတိပေးလိုက်တာလို့ ဆိုပါတယ်။
ပြည်သူလူထုဆီက မီတာခ အတင်းကောက်ခံတာတို့၊ မီတာဘောက်ဖြုတ်သိမ်းတာတွေ ဆက်လက်ပြုလုပ်ပါက ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီးတော့ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေသလို မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ရေစကြို မြို့ခံတယောက်က ပြောပါတယ်။
အဲဒီလျှပ်စစ်ရုံးဟာ ပြည်သူတွေဆီကနေ မီတာခ အတင်းအကျပ်ကောက်ခံသလို မီတာမဆောင်တဲ့ နေအိမ်တွေကို မီးဖြတ်တောက်တာတွေ ပြုလုပ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ၃ ကြိမ်ထက်မနည်းဗုံးခွဲ သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။