ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှု အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ကောင်စီက စွပ်စွဲ တရားစွဲထားတဲ့ အဂတိအမှု ၄ မှုကို စွဲချက်တင်ကြောင်း တရားရုံးက မေလ ၂၄ ရက် ဒီနေ့ရုံးချိန်းမှာ အမိန့်ချလိုက်ပါတယ်။
နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အဂတိအမှုနံပါတ် ၃ နဲ့ ၄ အတွက် တရားလိုဦးရဲထက်ကို ရှေ့နေအဖွဲ့က အပြန်အလှန်စစ်မေးခဲ့တယ်လို့လည်း တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။
“စွဲချက်တင်တယ်ဗျ။ အမှုနံပတ် ၃၊ ၄၊ ၅၊ ၂၅ ရယ်။ ၄ မှုပေါ့။ ၅၊ ၂၅ က ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း။ ၃ နဲ့ ၄ မှာတော့ ဦးရဲမင်းဦးတို့ ဦးမျိုးအောင် တို့ပါတယ်။ အတိုင်ပင်ခံ ကျန်းမာရေးကောင်းတယ်။ နောက်တစ်ချိန်းမှာ ပြန်ခေါ်သက်သေတွေ စစ်မယ်။ မေ ၃၁ ရက်နေ့ ပေါ့။ ဦးမောင်ဝိတ် လှူတဲ့အမှုကတော့ တရားလို ဦးရဲထက်ကို အပြန်အလှန်မေးပြီး စစ်တာပေါ့။ ၃ နဲ့ ၄ နှစ်မှုစလုံး စစ်တယ်။”
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ပြည်သူလူထုကို ကူညီပေးနေတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေကြေးလှူဒါန်းခဲ့တာကြောင့် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး မေလ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဒီအမှု စတင်ကြားနာခဲ့ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အဂတိအမှုတွေမှာလည်း စစ်ကောင်စီက ဦးမောင်ဝိတ်ကို တရားလိုပြသက်သေအဖြစ် တင်သွင်းထားပါတယ်။
ဦးမောင်ဝိတ်ကတော့ အန်အယ်လ်ဒီနဲ့ပတ်သက်တဲ့ အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာ ဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။