Home
မြန်မာသတင်း
မြစ်ခြေ-ကျွန်းချောင်းလမ်းပိုင်းတွင် ရဲနှင့်ပျူစောထီးအဖွဲ့ဝင်များ စီးလာသည့်ကား မိုင်းဆွဲခံရ
DVB
·
May 24, 2022
282563333_147762317828473_9212598091867210707_n

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်းမှာ မေ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က စစ်ကောင်စီရဲ့ ရဲတွေနဲ့ ပျူစောထီး ၁၃ ယောက်လောက်စီးလာတဲ့ လိုက်ထရပ် ကားတစီးကို မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ MC-KC PDF ရဲ့တာဝန်ခံ G3 က ဒီဗွီဘီကိုပြောပါတယ်။

ရဲဘော် ရှောင်လင်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကံကြီးစုရွာထိပ်မှာ ပြည်သူလူထုအား အနိုင်ကျင့်ဗိုလ်ကျ ဓားပြတိုက်နေတဲ့ ရဲနဲ့ပျူစောထီးတွေ စီးလားတဲ့ကားကို Birthday မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဲနဲ့ပျူစောထီး ၅ ယောက်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပြီး မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

တန့်ကြည့်တောင်အနောက်ဘက်တနေရာကို အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂၂ ရက်နေ့ မနက် ၉ နာရီလောက်ကလည်း မြစ်ခြေကျွန်ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF နဲ့ ဆိပ်ဖြူမြောက်ပိုင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး အယောက် ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ MC-KC PDFရဲ့ တာဝန်ခံက ပြောပါတယ်။

“သူတို့က ပုဂံဘက်ကနေ အင်အား ၁၅၀ လောက်နဲ့ ဆိက္ခဝဘက်ကိုကူးလာတာဗျ။ အဲဒါကြောင့် ကျနော်တို့ကလည်း စစ်ရေးပြင်ဆင်မှု ညပိုင်းကတည်းက လုပ်ထားတယ်။ ကျနော်တို့ ထင်သလိုပဲ မနက်ပိုင်းမှာ အင်အား ၇၀/၈၀ လောက်နဲ့တက်လာတယ်ဗျ။ အဲဒါကြောင့် ညကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့ မိုင်းတွေ၊ ပြောင်းတိုက်တွေ၊ အော်တိုသမားတွေ၊ စနိုက်ပါသမားတွေ အဆင်သင့်လုပ်ထားပြီး လက်ဦးမှုရယူခဲ့တယ်။ ကျနော်တို့ဘက်က အော်တိုနဲ့ဆွဲလိုက်တဲအချိန်မှာ စစ်(...)တွေဘက်က ၂ ယောက် မှောက်ပြီးသေဆုံးသွားတာကို အသေအချာမြင်လိုက်ရတယ်။ ကျန်တဲ့ အယောက် ၂၀ လောက် ဒဏ်ရာရတယ်ဆိုတာကိုတော့ အတွင်းသတင်းအရ သိရတာပါ။ သူတို့ဘက်က အထိနာပြီး နောက်ကြောင်း ပြန်ဆုတ်သွားကြတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တစ်ယောက်ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာအခြေနေ မစိုးရိမ်ရဘဲ မိခင်တပ်ရင်းကို ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“စစ်(...)တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဆင်နွဲတဲ့အခါ အဓိက အခက်ခဲကတော့ လက်နက်ခဲယမ်းပါပဲ။ ကျနော်တို့ဆီမှာ အော်တိုသေနတ်တွေ ရှိတယ်ဆိုရင်တောင်မှ တိုက်ပွဲတပွဲမှာ သုံးရတဲ့ ကျည်ဆန်ဖိုးက မနည်းဘူးလေ။ လက်ရှိအချိန်မှာ ရှိသလောက် မောင်းပြန်သေနတ်အနည်းငယ်နဲ့ လက်လုပ်သေနတ်တွေကို အဓိကထားပြီး တိုက်ပွဲဝင်နေရလို့ အော်တိုတွေ၊ မောင်းပြန်သေနတ်တွေ ထပ်ဖြည့်ဖို့ လိုအပ်တယ်” လို့ MC-KC PDFရဲ့ တာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကို MC-KC PDF ရဲ့ တာဝန်ခံကပြောဆိုထားပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က လည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024