စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တဲကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူ ၄ ယောက်ရဲ့ အလောင်းတွေ မေ ၂၃ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ အခင်းဖြစ်နေရာမှာ ပရဟိတကူညီဆောင်ရွက်ပေးနေသူ တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေ ၂၀ ရက်က လေကြောင်းကနေ တဲကြီးကျေးရွာပေါ်ကို ဗုံးကြဲခဲ့သလို မြေပြင်ကနေလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်ချလာခဲ့တာဖြစ်ပါတယ်။
လေယာဥ်ဗုံးကြဲချမှုကြောင့် ဒေသခံပြည်သူတွေ ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့သလို ပြည်သူတချို့ကတော့ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခြင်းခံခဲ့ရပြီး လောလောဆယ် ပြည်သူ ၄ ယောက်ရဲ့ အလောင်း တွေ့ရှိထားကာ နောက်ထပ်ရှာဖွေနေဆဲပဲလို့ ပရဟိတ ကူညီပေးနေသူက ပြောပါတယ်။
ပစ်သတ်ခံရသူတွေထဲမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ပါဝင်ပြီး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရသူလည်းပါဝင်ကြောင်းနဲ့ သေဆုံးခဲ့တဲ့ အမျိုးသမီး ၂ ယောက်ဟာ အသက် ၂၀ နှစ်နဲ့ ၂၄ နှစ်အရွယ်တို့ဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်အမျိုးသမီးကတော့ ၄ လအရွယ်ကလေးငယ် မိခင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွာက နေအိမ် ၂ လုံးကိုလည်း မီးရှို့ခဲ့ကြသလို ဆိုင်ကယ်အစီး ၂၀ အပါအဝင် 4 wheel ကား ၁ စီး၊ ပရာဒိုကား ၁ စီး၊ လယ်ထွန်စက် ၂ စီးနဲ့ ဇွဲထွန်စက် ၁ စီးတို့ကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့တဲ့အပြင် နေအိမ်တွေကို မွှေနှောက်ရိုက်ထုဖျက်ဆီး အဖိုးတန် ရွှေ၊ငွေတွေကို ရှာဖွေ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေ ၂၂ ရက် နေ့လယ်ပိုင်းမှာ တဲကြီးကျေးရွာကနေ ထွက်ခွာ သွားပြီးနောက် လမ်းမှာတွေ့တဲ့ ပြည်သူကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်တာ ရွာတွေမှာ နေအိမ်တွေကို မီးရှို့တာတွေကြောင့် ကျေးလက်နေပြည်သူတွေ နေအိမ်တွေမှာမနေရဲကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။