မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၅၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၇၈၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၇၃၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၇၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်းရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်က အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းက စစ်ဘေးရှောင်တွေရှိရာနေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင် ၅ ယောက် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါစစ်ဘေးရှောင် ၅ ယောက်က တော့ ဦးဝင်းကို၊ ကိုကျော်နိုင်၊ ကိုနိုင်လင်းမောင်၊ ကိုပြေနဲ့ ဦးတင်လင်းတို့ဖြစ်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပေါက်သာကျေးရွာကနေ တာတိုင်ကျေးရွာမှာ စစ်ဘေးရှောင်နေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေ ၂၀ ရက်ကတော့ မန္တလေး-မုံရွာကားလမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ အိမ်စီးကားတစ်စီးကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်လိုက်ပါလာတဲ့ ဆေးတက္ကသိုလ်ကျောင်းသား ကိုကျော်ညီဇင်ဟာ ဦး ခေါင်းကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုကျော်ညီဇင်ဟာ မန္တလေးဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ကာ ကျောင်းတက်ရောက်ခြင်းမရှိဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထား ကြောင်း သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း အသိပေးထားပါတယ်။