ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ကရင်ချောင်ကျေးရွာအနီးမှာ မေ ၂၃ ရက် မနက်ပိုင်းက ရေမဆေးကျောက်ရှာသူ တယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။
စစ်ကောင် စီစစ်ကြောင်းဟာ နန့်မှော်ဘက်ကနေ ဆင်းလာတာဖြစ်ပြီး ကရင်ချောင်ရွာ တံတားအနီး အရောက်မှာ အဝေးကနေ သေနတ်နဲ့ ပစ်သတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
“ပစ်ပြီးတော့ မှန်ပြီ၊ မှန်ပြီ ဆိုပြီး စစ်သားတွေက အော်နေကြတယ်”လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ရေမဆေးကျောက်သမားက ပြောပါတယ်။
သေဆုံးသွားတဲ့ ရေမဆေးကျောက်ရှာဖွေသူကတော့ ဘယ်သူဘယ်ဝါဆိုတာကို မသိရှိရသေးဘဲ သေဆုံးသူရဲ့ လက်ကိုင်ဖုန်းကိုတော့ စစ်သားတွေက ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိ သေဆုံးသွားသူရဲ့အလောင်းကို အနီးအနားမှာရှိတဲ့ လူမှုကူညီရေးကားနဲ့ တင်ဆောင်ပြီး ဖားကန့်ပြည်သူ့ဆေးရုံ ရင်ခွဲဌာနကို ပို့ဆောင်ထားပါတယ်။
အဲဒီစစ်ကြောင်းဟာ ကရင်ချောင်ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေ အသုံးပြုပြီး ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ရပ်ကွက်အတွင်းမှာရှိတဲ့ နေအိမ်တလုံး ပျက်စီးသွားပြီး အမျိုးသမီး တယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့လည်း သိရပါတယ်။